လင်ဂတ်ဟာ အင်နီယေစတာနဲ့ တူညီတဲ့ အစွမ်းသတ္တိတွေ ရှိနေတယ်လို့ ယူနိုက်တက်နည်းပြဟောင်း သုံးသပ်


ယူနိုက်တက် လက်ထောက်နည်းပြဟောင်း ရီနေး မြူလန်စတီယန်က ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်ဟာ သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြန်ရနိုင်မယ်လို့ ယုံကြည်နေပြီး ဘာစီလိုနာ ကွင်းလယ်လူ အင်နီယေစတာနဲ့ ခိုင်းနှိုင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ လင်ဂတ်ဟာ ပရီးမီးယားလိဂ်မှာ ဂိုးမသွင်းနိုင်ခဲ့တာ ၁နှစ်ပြည့်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

နွေရာသီမှာတော့ အင်္ဂလန်သားတစ်ယောက် အသင်းက ထွက်ခွာဖွယ် ရှိနေပြီး အက်သလက်တီကိုနဲ့ ရိုးမားအသင်းတွေက စိတ်ဝင်စားနေခဲ့ပါတယ်။ ဒါပေမဲ့ လင်ဂတ်ကို အကယ်ဒမီကို သင်ကြားပြသပေးခဲ့တဲ့ မြူလန်စတီယန်ကတော့ အင်္ဂလန်သားအနေနဲ့ သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြန်လည် ပြသနိုင်မယ်လို့ ယုံကြည်နေကြောင်း ပြောခဲ့ပါတယ်။

မြူလန်စတီယန်က “ဂျက်ဆီ အသင်းတော်တော်များများမှာ အငှား သွားကစားပြီး ပြန်လာခဲ့ပါတယ်။ ဗန်ဟားလ် လက်ထက်တုန်းက ဖြစ်မယ်။ လူးဝစ်က လူငယ်တွေကို ပွဲထုတ်ရတာ နှစ်သက်ပြီး သူနဲ့ ရက်ရှ်ဖို့ဒ်တို့ ချက်ခြင်းပဲ အသင်းကြီးမှာ ကစားခွင့်ရခဲ့ပါတယ်။ ဒါက ကံကောင်းတာပါပဲ။ ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေကို နည်းပြက မြင်သွားဖို့ လိုပါတယ်။ ဂျက်ဆီမှာ ဘာစီလိုနာက အင်နီယေစတာလိုမျိုး စွမးဆောင်ရည် ရှိပါတယ်။ သူက ပြိုင်ဘက် ကစားသမားတွေ လူကပ်ရခက်မယ့် ကစားသမားမျိုးပါ။ အခုဖြစ်နေတာတွေက ယုံကြည်မှုနဲ့ ဆိုင်ပါတယ်။ အာရုံသာ သေချာစိုက်နိုင်မယ်ဆိုရင် အကောင်းဆုံး ပုံစံ ပြန်ရမယ်ဆိုတာ သေချာပါတယ်”လို့ ပြောခဲ့ပါတယ်။

အင်နီယေစတာနဲ့ ခိုင်းနှိုင်းခဲ့တာတော့ ၂၀၁၈ခုနှစ်က မြူလန်စတီယန် ပြောခဲ့တာဖြစ်ပြီး အထူး ချီးကျူးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ “ဂျက်ဆီက အင်္ဂလိပ် အင်နီယေစတာလို့ ကျွန်တော် အမြဲ ယုံခဲ့ပါတယ်။ အင်နီယေစတာလိုပဲ သူ နေရာလွတ်တွေကို ရှာဖွေနိုင်ပြီး လှုပ်ရှားမှုတွေကလည်း အတူတူပါပဲ။ သူ အခု လိုအပ်နေတာကတော့ ဂိုးတွေပါပဲ ဒါပေမဲ့ အခု ဂျက်ဆီတစ်ယောက် အရေးပါတဲ့ ဂိုးတွေလည်း သွင်းနိုင်ခဲ့ပါပြီ”လို့ ၂၀၁၈ခုနှစ်က မြူလန်စတီယန်က ပြောခဲ့တာပါ။