
ပြီးခဲ့တဲ့ညက ကစားခဲ့တဲ့ ပွဲမှာ ယူကရိန်းကို ဂိုးမရှိ သရေကစားပြီးတဲ့ နောက်
လက်ရှိချန်ပီယံ အီတလီအသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲ အောင် သွားခဲ့ပြီဖြစ်ပါတယ်။
အီတလီဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲရဲ့ အုပ်စု (C) မှာ အင်္ဂလန်၊ ယူကရိန်း၊ မြောက်မက်ဆီဒိုးနီးယား၊
မော်လ်တာတို့နဲ့ တစ်အုပ် စုတည်း ကျနေခဲ့တာဖြစ်ပြီး
နောက်ဆုံးပွဲကစားဖို့ ကျန်နေသေးတဲ့အထိကို ခြေစစ်ပွဲ အောင်ဖို့ မသေချာခဲ့ပါဘူး။
အုပ်စုတွင်း ပွဲစဉ် ၇ ပွဲ ကစားပြီးသွား ချိန်မှာ အုပ်စု(C)မှာ အင်္ဂလန်အသင်း တစ်သင်းသာ ခြေစစ်ပွဲအောင်မြင်သွားခဲ့ပေမယ့်
အီတလီအသင်းကတော့ ယူကရိန်းနဲ့အတူ ရမှတ် ၁၃ မှတ်စီနဲ့ အထက်အောက် ရပ်တည်နေတာဖြစ်ပြီး
အီတလီက အဆင့် ၂၊ ယူကရိန်းက အဆင့် ၃ နေရာ မှာ ရပ်တည်ခဲ့တာပါ။
ပြီးခဲ့တဲ့ည ပွဲစဉ်မှာတော့ နည်းပြ စပယ်လက်တီရဲ့ အသင်းဟာ ယူကရိန်းကို ဂိုးမရှိ သရေရလဒ်ပဲ ကစားနိုင်ခဲ့ပေမဲ့
ထိပ်တိုက် တွေ့ဆုံမှုအရ အီတလီက အားသာချက်ရှိတာကြောင့်
အဆင့် ၂ နေရာက နေ ခြေစစ်ပွဲ အောင်သွားခဲ့တာပါ။
အသင်းသမိုင်းတစ်လျှောက် အီတလီကို တစ်ခါမှ အနိုင်မရခဲ့တဲ့ ယူကရိန်းဟာ
ဒီပွဲမှာ ပြိုင်ဘက်ကို အနိုင်ရဖို့အတွက် တိုက်စစ်မှူး မူဒရစ်၊ ဇင်ချန်ကိုတို့ရဲ့ လုပ်အားနှုန်းတွေနဲ့
ဘယ်တောင်ပံ တိုက်စစ်ကနေ အားထုတ်ခဲ့ပေမဲ့လည်း
ခံစစ်ပိုင်နဲ့ပတ်သက်လာရင် စုဖွဲ့မှု ကောင်းတဲ့ အီတလီကို မကျော်နိုင်ခဲ့သလို
ဂိုးသမား ဒွန်နာရမ်မာရဲ့ အမိုက် စား ကာကွယ်မှုတွေကလည်း အီတလီကို သက်သာရာ ရသွားစေခဲ့တာပါ။
ပွဲပြီးခါနီးမှာ မူဒရစ်ကို အဝင်ကြမ်းခဲ့တဲ့ ခရစ္စတန်တီကြောင့် ယူကရိန်း အသင်း ပင်နယ်တီရခွင့်ရှိခဲ့ပေမဲ့လည်း
ကွင်းလယ်ဒိုင်ကတော့ ခွင့်မပြုခဲ့လို့ အီတလီတို့ ဂိုးမရှိ သရေရလဒ် ရသွားခဲ့ပြီး ယူရို ခြေစစ်ပွဲကို အောင်မြင် သွားခဲ့တာပါ။
ဒီလိုမျိုး ခြေစစ်ပွဲအောင်ခဲ့တဲ့အတွက် အီတလီဟာ ယူရို ပြိုင်ပွဲ ၈ ကြိမ်ဆက်တိုက် ခြေစစ်ပွဲအောင်တဲ့အသင်းဖြစ်လာပါတယ်။
ယူရို ပြိုင်ပွဲမှာ ချန်ပီယဆု ၂ ကြိမ်ဆွတ်ခူးထားတဲ့ အီတလီဟာ လာမယ့် ဇွန်လ ကျရင် ဂျာမနီမှာ ကျင်းပမယ့်
အဓိက ပြိုင်ပွဲကြီးမှာဆိုရင်လည်း ဗိုလ်စွဲဖို့ အတွက် ရေပန်းအစားဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်နေပါတယ်။