ရှရူးဘူရီနဲ့ ပြန်ကန်ပွဲကို နည်းပြအဖြစ် ဆောင်ရွက်မှာ မဟုတ်ဘူးလို့ ကလော့ပ်အတည်ပြု


လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်က သူဟာ ရှရူးဘူရီနဲ့ အန်ဖီးမှာ ကစားရမယ့် အက်ဖ်အေ ပြန်ကန်ပွဲကို နည်းပြအဖြစ် ဆောက်ရွက်မှာ မဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ယမန်နေ့ညက ရှရူးဘူရီကို အဝေးကွင်းမှာ ၂ဂိုး အရင် သွင်းယူနိုင်ခဲ့ပေမဲ့ ပွဲပြီးခါနီးမှာ ကမ်းမင်းစ်ရဲ့ သွင်းဂိုး၂ဂိုးကို ခွင့်ပြုခဲ့ရတာကြောင့် သရေရလဒ်သာ ရရှိခဲပါတယ်။

အက်ဖ်အေဖလား ပြန်ကန်ပွဲကတော့ ဖေဖော်ဝါရီ ၄ရက်နဲ့ ၅ရက်နေ့တွေမှာ ကစားသွားမှာဖြစ်ပြီး အဆိုပါ အချိန်က ဆောင်းရာသီ အားလပ်ရက်လည်း ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် ကလော့ပ်က အဆိုပါ ပွဲစဉ်မှာ တစ်သင်းလုံးမှာ အနားပေးသွားမှာဖြစ်ပြီး သူကိုယ်တိုင်လည်း နည်းပြအဖြစ် ကိုင်တွယ်သွားမှာ မဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။

ကလော့ပ်က “ပရီးမီးယားလိဂ်က ဆောင်းရာသီ အားလပ်ရက်ကို လေးစားမှုရှိရမယ်လို့ ပြောထားတဲ့အတိုင်းပဲ ကျွန်တော်တို့ ဆောင်ရွက်သွားမှာပါ။ ဒါကြောင့် အဲ့ဒီပွဲပြန်ကန်နေချိန်မှာ ကျွန်တော်တို့ ရှိနေမှာ မဟုတ်ပါဘူး။ ဒီပွဲမှာ ကလေးတွေပဲထည့်ကစားသွားမှာပါ”

ဒါကြောင့် လီဗာပူးအသင်းဟာ ပြန်ကန်ပွဲမှာတော့ အက်စ်တွန်ဗီလာနဲ့ ကာရာဘောင်ပွဲက ပုံစံအတိုင်း ယူ-၂၃အသင်းကို နည်းပြ ခရီချလေကို တာဝန်ယူစေကာ ပွဲထွက်လာဖို့ ရှိနေပါတယ်။

ခရစ်ချ်လေဟာ အက်စတွန်ဗီလာကို ၅ဂိုးပြတ် ရှုံးခဲ့တဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်မှာ တာဝန်ယူခဲ့ပါသေးတယ်။