ရီးရဲလ် မပါတော့တာကြောင့် ဗန်ဒီဘိခ်ကို လွတ်လွတ်လပ်လပ် ခေါ်ယူနိုင်တော့မယ့် ယူနိုက်တက်

ဟော်လန်ကလာတဲ့သတင်းတွေအရ ရီးရဲလ်အသင်းဟာ အေဂျက်စ်ကွင်းလယ်လူ ဗန်ဒီဘိခ်ကိုခေါ်ယူဖို့ နောက်ဆုတ်ခဲ့တာကြောင့် ယူနိုက်တက်အသင်းက ခေါ်ယူနိုင်ဖို့ ဦးဆောင်နေတယ်လို့ သိရပါတယ်။ ဒတ်ချ်သားကို ရီးရဲလ်အသင်းဟာ အခုနှစ်အစောပိုင်တုန်းက ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ကာ ပေါင် ၄၅ သန်းနဲ့ခေါ်ယူနိုင်ဖွယ်ရှိနေတယ်လို့ သတင်းတွေက ဆိုပါတယ်။


ဒါပေမဲ့ လက်ရှိအချိန်မှာ ဘာနေဗျူးကွင်းကို ပြင်ဆင်ဖို့ ပေါင် ၅၀၀ သန်းအသုံးပြုထားရသလို ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဘဏ္ဍာရေးပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိနေတာကြောင့် ဗန်ဒီဘိခ်ကိုခေါ်ယူဖို့ နောက်ဆုတ်ခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်အသင်းနောက်ဆုတ်လိုက်တာကြောင့် လက်ရှိအချိန်မှာတော့ ယူနိုက်တက်အသင်းက ဦးဆောင်လာခဲ့တာဖြစ်ပါတယ်။


“ကျွန်တော်ရီးရဲလ်အသင်း ဗန်ဒီဘိခ်ကိုခေါ်ယူဖို့ နောက်ဆုတ်လိုက်တယ်ဆိုတာ ကြားပါတယ်။ အပြောင်းအရွှေ့အတွက် သူတို့ခက်ခဲတယ်ဆိုတာသိပါတယ်။ ကျန်အားလုံးအဆင်ပြေနေပြီး ဆေးစစ်ဖို့ပဲ ကျန်တော့တာပါ”လို့ သတင်းဌာနတစ်ခုရဲ့ဘောလုံးကျွမ်းကျင်သုံးသပ်သူ ဗီလန်တီဂျင်က ပြောပါတယ်။ ဒါကြောင့် ဗန်ဒီဘိခ်တစ်ယောက် သူပြောင်းချင်တဲ့ ရီးရဲလ်ကိုပြောင်းဖို့ ခက်ခဲသွားပြီဖြစ်ပါတယ်။


“ရီးရဲလ်အသင်းကနေ သူ့ကိုမခေါ်တော့ဘူးဆိုရင် သူယူနိုက်တက်ကိုပြောင်းနိုင်ပါတယ်။ သူ့ကိုစိတ်ဝင်စားနေတဲ့အသင်းတွေအများကြီးပါ။ ဘယ်အသင်းကို ရွေးမလဲဆိုတာတော့ သူကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာပါ”လို့ အေဂျက်စ်နည်းပြ ဒီဘိုးဝါးက ပြောပါတယ်။ ယူနိုက်တက်အသင်းဟာ ဗန်ဒီဘိခ်ကိုပေါင် ၃၆ သန်းလောက်နဲ့ ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။


ဒတ်ချ်သားဟာ အေဂျက်စ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တာဖြစ်ကာ အသင်းအတွက်ပြိုင်ပွဲစုံ ၁၇၅ ပွဲအထိ ပါဝင်ကစားပေးထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ဗန်ဒီဘိခ်ဟာ အေဂျက်စ်အသင်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကိုတက်ရောက်နိုင်အောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့နေရာမှာ အဓိကနေရာက ပါဝင်ခဲ့တာဖြစ်ပါတယ်။
ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ဒီရာသီမှာလည်း အေဂျက်စ်အသင်းအတွက် ၂၃ ပွဲမှာ ၈ ဂိုးသွင်းယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာတော့ ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။