
ရီးယဲလ်အသင်းရဲ့ ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်ကစားသမား
ဗင်နီစီယက်စ်ဟာ လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားရင်း
တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် အခုနှစ်အတွင်း
ဘောလုံးကစားနိုင်တော့မှာ မဟုတ်ပါဘူး။ ကြာသပတေးနေ့တုန်းက
ကိုလံဘီယာအသင်းကို ၂-၁ ဂိုးနဲ့ရှုံးခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ
ဗင်နီစီယက်စ်ဟာ ဒဏ်ရာရရှိခဲ့ပြီး အစောပိုင်းမှာ ဗင်နီစီယက်စ်အနေနဲ့
၁ လလောက်ပဲ အနားယူရဖို့ရှိတယ်လို့ သတင်းထွက်ခဲ့ပါတယ်။
ဒါပေမဲ့ အခုအချိန်မှာတော့ ရီးယဲလ်အသင်းက ဗင်နီစီယက်စ်ရဲ့
ဘယ်ဘက်တံကောက်ကြောအရွတ် စုတ်ပြဲသွားတာဖြစ်တယ်လို့
ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ရီးယဲလ်အသင်းက ‘အသင်းဆေးအဖွဲ့က
ဗင်နီစီယက်စ်ရဲ့ဒဏ်ရာကို စမ်းသပ်စစ်ဆေးမှုပြုလုပ်ပြီးတဲ့နောက်
သူ့ ဘယ်ဘက်တံကောက်ကြောအရွတ် စုတ်ပြဲသွားတာကို တွေ့ရှိခဲ့ရပါတယ်။
ဗင်နီစီယက်စ် ဒဏ်ရာကနေ ပြန်ကောင်းလာဖို့ ကျွန်တော်တို့ စောင့်ကြည့်
ကုသပေးသွားမှာဖြစ်ပါတယ်’ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။
ဗင်နီစီယက်စ် ဘယ်လောက်အထိ အနားယူရမလဲဆိုတာ
ရီးယဲလ်အသင်းက မထုတ်ပြန်ခဲ့ပေမဲ့ COPE မီဒီယာရဲ့ဂျာနယ်လစ်ဖြစ်သူ
အာရန်ချာရိုဒရီဂွက်ဇ်က ဗင်နီစီယက်စ်အနေနဲ့ ၂ လခွဲလောက်အထိ
အနားယူရဖို့ရှိတယ်လို့ သုံးသပ်ခဲ့ပါတယ်။ အာရန်ချာရိုဒရီဂွက်ဇ်ဟာ
ရီးယဲလ်အသင်းနဲ့ပတ်သက်တဲ့သတင်းတွေကို အစဉ်တစိုက်
ထုတ်လွှင့်နေတဲ့ ဂျာနယ်လစ်ဖြစ်ပြီး သူမရဲ့သတင်းသာ
အမှန်ဖြစ်လာမယ်ဆိုရင် ဗင်နီစီယက်စ်ဟာ လာမဲ့နှစ်၊ ဖေဖော်ဝါရီလအထိ
ဘောလုံးကစားနိုင်မှာ မဟုတ်တာကြောင့် ရီးယဲလ်နည်းပြ
အန်ဆယ်လော့တီအတွက် ထိုးနှက်ချက်ဖြစ်လာဖို့ရှိနေပါပြီ။
ရီးယဲလ်အသင်းဟာ ချန်ပီယံလိဂ်မှာ ရှုံးထွက် ၁၆ သင်းအဆင့်
တက်ရောက်ခွင့်ရရှိထားပြီး ဗင်နီစီယက်စ်အနေနဲ့ ဖေဖော်ဝါရီလအတွင်း
ကစားရမဲ့ ရှုံးထွက် ၁၆ သင်းအဆင့်၊ ပထမအကျော့ပွဲအမီ ကြံ့ခိုင်မှု
ပြည့်ဝလာအောင် ရုန်းကန်ရတော့မှာဖြစ်ပါတယ်။ ရီးယဲလ်အသင်းမှာ
ဗင်နီစီယက်စ်အပြင် တခြားအဓိက,ကစားသမားတချို့လည်း
ဒဏ်ရာပြဿနာတွေရှိနေတာကြောင့် ကလပ်ပွဲတွေ ပြန်လည်
စတင်တဲ့အချိန်ကျရင် အခက်အခဲတွေနဲ့ရင်ဆိုင်ရတော့မှာပါ။
ဒီရာသီမှာ အသင်းအတွက် ခြေစွမ်းပြဂိုးတွေသွင်းယူနေတဲ့
အင်္ဂလန်လူငယ်ကြယ်ပွင့် ဘယ်လင်ဂမ်ဟာ ပခုံးဒဏ်ရာပြဿနာကို
ဆေးကုသမှုခံယူနေရတဲ့အတွက် အင်္ဂလန်အသင်းပွဲတွေကို လွဲချော်ခဲ့ပြီး
ဘယ်လင်ဂမ်ဟာ ကာလရှည်အနားယူရမဲ့အနေအထားတော့ မရှိပါဘူး။
ဒါပေမဲ့ ချူအာမင်နီ၊ ကာမာဗင်ဂါတို့ရဲ့ ဒဏ်ရာအနေအထားက
စိုးရိမ်စရာဖြစ်နေပြီး ချူအာမင်နီဟာ နောက်ထပ် ၆ ပတ်အထိ
အနားယူရဦးမှာဖြစ်သလို ပြင်သစ်အသင်းအတွက်ပါဝင်ကစားရင်း
ဒူးအရွတ်ဒဏ်ရာရရှိခဲ့သူ ကာမာဗင်ဂါဟာ ဇန်နဝါရီလမတိုင်အထိ အနားယူရဖို့ရှိပါတယ်။