ရာသီသစ်မတိုင်ခင် တစ်ယောက်တည်းသာလေ့ကျင့်နေရတဲ့ စီရော်နယ်ဒိုနဲ့မက်ဆီ

photo-gettyimages

photo-gettyimages

လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားတွေဖြစ်ကြတဲ့ စီရော်နယ်ဒိုနဲ့မက်ဆီတို့ဟာ သူတို့ရဲ့ရာသီသစ်မတိုင်ခင်မှာ တစ်ယောက်တည်းသာ လေ့ကျင့်နေရပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ ဒဏ်ရာပြသနာကနေ ပြန်ကောင်းလာရုံသာရှိပြီး ရာသီအစပိုင်းပါဝင်နိုင်ဖို့အတွက် တိုက်ပွဲဝင်နေရတာလည်း ဖြစ်ပါတယ်။ စီရော်နယ်ဒိုရဲ့ဂျူဗင်တပ်က လာမယ့်သြဂုတ်လ ၂၄ ရက်နေ့ရောက်မှ ပါးမားနဲ့ စီးရီးအေရာသီအဖွင့်ကစားရမှာဖြစ်ပေမယ့် မက်ဆီရဲ့ဘာစီလိုနာကတော့ ဒီနေ့ညမှာပဲ ဘီလ်ဘာအိုနဲ့ လာလီဂါအဖွင့်ပွဲစဉ်ကစားရတော့မှာပါ။

photo-social media

ဒါကြောင့် စီရော်နယ်ဒိုက ရာသီအဖွင့်ပွဲမီနိုင်သေးပေမယ့် မက်ဆီကတော့ လုံးဝမမီတော့ဘဲ ဒီအတွက် ဘီလ်ဘာအိုနဲ့ပွဲအတွက် ဘာစီလိုနာလူစာရင်းမှာ ပါဝင်နိုင်ခြင်းမရှိခဲ့တာပါ။ မက်ဆီအနေနဲ့ ၂၀၀၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လာလီဂါအဖွင့်ပွဲစဉ်ကိုလွဲချော်ခဲ့တာလည်း ဖြစ်ပါတယ်။ ၃၂ နှစ်အရွယ် အဲဒီအာဂျင်တီးနားကြယ်ပွင့်ဟာ ဘာစီလိုနာကြံ့ခိုင်ရေးနည်းပြဂျူယာနိုနဲ့အတူ တစ်ဦးတည်းသာလေ့ကျင့်နေတာဖြစ်ပြီး ပထမဆုံးရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်ကတည်းက ရရှိခဲ့တဲ့ခြေသလုံးဒဏ်ရာကနေ အရှင်းပျောက်ကင်းအောင် ကြိုးစားနေတာပါ။

photo-AFP

စီရော်နယ်ဒိုကတော့ ဂျူဗင်တပ်(ခ)အသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ ထိုင်နေခဲ့ရပြီး ပေါင်ဒဏ်ရာကြောင့် တစ်ယောက်တည်းသာ လေ့ကျင့်နေရတာပါ။ ဂျူဗင်တပ်က သူတို့ရဲ့အရန်အသင်းကို ၃-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့  အဲဒီအစဉ်အလာခြေစမ်းပွဲမှာ စီရော်နယ်ဒိုသာဝင်မကစားနိုင်ပေမယ့် လာကြည့်တဲ့ဒေသခံပရိသတ်တွေက သူနဲ့ဆယ်လ်ဖီဆွဲဖို့အတွက် ကြိုးပမ်းခဲ့တာကြောင့် ၃၄ နှစ်အရွယ် အဲဒီပေါ်တူဂီကြယ်ပွင့်ဟာ လုံခြုံရေးအကူအညီတွေနဲ့ စိတ်မသက်မသာဖြစ်ခဲ့ပုံရပါတယ်။