
ပရီးမီးယားလိဂ်ချန်ပီယံဟောင်းတစ်ဦးဖြစ်သူ တင်မ်ရှားဝုဒ်က လက်ရှိ
ခြေစွမ်းအတိုင်းသာဆိုရင် ရပ်ရှ်ဖို့ဒ်ဟာ လာမဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ
အင်္ဂလန်အသင်းအတွက် ပွဲထွက်ကစားခွင့်ရဖို့ မဖြစ်နိုင်ဘူးလို့
အခိုင်အမာ ယုံကြည်နေပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီက
မန်ချက်စတာယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ဂိုး ၃၀ အထိ သွင်းပြီး
နာမည်ကျော်တိုက်စစ်မှူးဟောင်းဗန်ပါစီ (၂၀၁၂-၁၃)နောက်ပိုင်း
တစ်ရာသီအတွင်း ဂိုး ၃၀ သွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ်
မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီရာသီမှာတော့ ရပ်ရှ်ဖို့ဒ်ရဲ့
ခြေစွမ်းက သိသိသာသာကျဆင်းသွားပြီး အခုအချိန်အထိ ၁ ဂိုးသာ
သွင်းယူနိုင်ခဲ့ပါတယ်။ သောကြာနေ့က မော်လ်တာကို ၂-၀ ဂိုးနဲ့
အနိုင်ရတဲ့ပွဲမှာ ရပ်ရှ်ဖို့ဒ်ဟာ ပွဲထွက်ကစားခွင့်ရပေမဲ့ ပုံစံကောင်း
မပြသနိုင်ဘဲ ဒုတိယပိုင်းမှာ ကိုယ့်အသင်းဖော် အာနိုးလ်နဲ့ မတော်တဆ
ထိခိုက်ပြီးတဲ့နောက် လူစားလဲခံခဲ့ရပါတယ်။ ရပ်ရှ်ဖို့ဒ်ရဲ့စွမ်းဆောင်ရည်အပေါ်
တင်မ်ရှားဝုဒ်က စိုးရိမ်နေပြီး အဲရစ်တန်ဟက်လက်အောက်မှာ ရပ်ရှ်ဖို့ဒ်
အရင်လို အကောင်းဆုံးပုံစံပြန်ရနိုင်ဖို့ မရှိဘူးလို့လည်း မျှော်လင့်ထားပါတယ်။
မီဒီယာတွေက လာမဲ့ ယူရိုပြိုင်ပွဲကျရင် အင်္ဂလန်အသင်းပွဲထွက်စာရင်းမှာ
ရပ်ရှ်ဖို့ဒ် ပါဝင်နိုင်မလားဆိုပြီး မေးမြန်ခဲ့တော့ တင်မ်ရှားဝုဒ်က
“လုံး၀ အခွင့်အရေးမရှိပါဘူး။ စိတ်မကောင်းစွာနဲ့ပြောရရင်
အင်္ဂလန်အသင်းမှာ အခုထိကစားခွင့်ရနေတာကိုပဲ ရပ်ရှ်ဖို့ဒ်အနေနဲ့
ဆောက်ဂိတ်ကို ကျေးဇူးတင်သင့်ပါတယ်။ တကယ်လို့ ရပ်ရှ်ဖို့ဒ်သာ
မန်စီးတီးကစားသမားဆိုရင် ကမ္ဘာ့အဆင့်စာရင်းဝင်ဖြစ်နေလောက်တဲ့အပြင်
အင်္ဂလန်အသင်းရဲ့ပွဲထွက်ကစားသမားဖြစ်နေပြီလို့ ကျွန်တော် ထင်ပါတယ်။
ရပ်ရှ်ဖို့ဒ်ရဲ့ခြေစွမ်းက အခုလောလောဆယ်မှာရော ရာသီကုန်အထိ
ကာလအတွင်း သိသိသာသာ ပြောင်းလဲသွားမယ်လို့ ကျွန်တော် မထင်မိပါဘူး။
အဲရစ်တန်ဟက်ရဲ့ကျေးဇူးကြောင့် ရပ်ရှ်ဖို့ဒ် ပုံမှန်ခြေစွမ်းပျောက်သွားတာလို့
ကျွန်တော် ယူဆပါတယ်”ဆိုပြီး ဖြေကြားခဲ့ပါတယ်။ ဒီရာသီမှာ ရပ်ရှ်ဖို့ဒ်သာမက
ယူနိုက်တက်အသင်းပါ ရလဒ်ဆိုးတွေနဲ့ရုန်းကန်နေရပြီး ၁၈ ပွဲကစား၊
၉ ပွဲအထိရှုံးခဲ့ပေမဲ့ မန်စီးတီးကစားသမားတွေဖြစ်တဲ့ ဂရီးလစ်ရှ်၊
ဖိုဒန်တို့ကတော့ သူတို့အသင်းအတွက် ရလဒ်ကောင်းတွေ ပိုင်ဆိုင်အောင် ခြေစွမ်းပြနေကြပါတယ်။