
ဥရောပထိပ်သီး အင်္ဂလန်အသင်းဟာ မဲအိုး ၁ အတွင်း သတ်မှတ်
ခံထားရပေမဲ့လည်း ယူရို-၂၀၂၄ ပြိုင်ပွဲကျရင် အုပ်စုကျပ်
(group of death)ထဲ ကျရောက်ဖို့ရှိနေပါတယ်။ အင်္ဂလန်အသင်းဟာ
ယူရို-၂၀၂၄ နောက်ဆုံးခြေစစ်ပွဲဖြစ်တဲ့ မြောက်မက်ဆီဒိုးနီးယားနဲ့ပွဲမှာ
၁-၁ ဂိုးစီသရေကျခဲ့ပြီး ၆ ပွဲနိုင်၊ ၂ ပွဲသရေ၊ ရမှတ် ၂၀ ရရှိခဲ့တာကြောင့်
အုပ်စုပထမနေရာနဲ့ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။
ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲကို လာမဲ့ ဒီဇင်ဘာလ ၂ ရက်ကျရင်
အိမ်ရှင်အဖြစ်ကျင်းပမဲ့ ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့မှာ
ပြုလုပ်သွားမှာဖြစ်ပြီး အင်္ဂလန်အသင်းဟာ ဂျာမနီ၊ ပေါ်တူဂီ၊
ပြင်သစ်၊ စပိန်၊ ဘယ်လ်ဂျီယံတို့နဲ့အတူ မဲအိုး ၁ အတွင်း
သတ်မှတ်ခံရမှာဖြစ်ပါတယ်။ ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းဟာ
၁၉၆၆ ကမ္ဘာ့ဖလားရရှိခဲ့ပြီးနောက်ပိုင်း ၅၈ နှစ်အတွင်း
အဓိကဆုဖလားအဖြစ် ယူရိုချန်ပီယံဆုရရှိအောင် ကြိုးစားရမှာဖြစ်ပြီး
ကံကောင်းရင် အုပ်စုချောင်နိုင်သလို ကံဆိုးမယ်ဆိုရင်တော့ အခြေအနေ
ဆိုးရွားသွားဖို့ရှိပါတယ်။ တကယ်လို့ အင်္ဂလန်အသင်းကို ကံကြမ္မာက
ဖေးကူမယ်ဆိုရင် အယ်လ်ဘေးနီးယား၊ ဆလိုဗေးနီးယား၊
ကာဇက်စတန်တို့လို သာမန်အသင်းတွေနဲ့ တစ်အုပ်စုတည်း
ကျရောက်ဖို့ရှိတယ်လို့ ဗြိတိန်နာမည်ကျော်သတင်းစာ The Sun က ဖော်ပြခဲ့ပါတယ်။
ကံဆိုးမယ်ဆိုရင်တော့ အင်္ဂလန်အသင်းဟာ ယူရိုချန်ပီယံဟောင်းတွေ
ဖြစ်ကြတဲ့ ဒိန်းမတ်၊ အီတလီ၊ နယ်သာလန်တို့နဲ့အတူ group of death ထဲ
ကျရောက်သွားနိုင်တယ်လို့ The Sun က သုံးသပ်ခဲ့ပါတယ်။
ဒိန်းမတ်အသင်းက မဲအိုး ၂ ၊ နယ်သာလန်အသင်းက မဲအိုး ၃ ထဲမှာ
သတ်မှတ်ခံထားရပြီး ယူရိုလက်ရှိချန်ပီယံ အီတလီအသင်းကတော့
စိတ်မကောင်းစွာနဲ့ပဲ မဲအိုး ၄ ထဲကျရောက်သွားဖို့ရှိပါတယ်။
အီတလီအသင်းဟာ ယူရို-၂၀၂၀ ဗိုလ်လုပွဲမှာ အင်္ဂလန်ကို
ပယ်နယ်တီနဲ့အနိုင်ယူ ဗိုလ်စွဲခဲ့ပေမဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်ခဲ့တာ၊
ယူရို-၂၀၂၄ ခြေစစ်ပွဲအတွင်းမှာလည်း အင်္ဂလန်ကို နှစ်ကျော့စလုံး
ရှုံးခဲ့တာတွေကြောင့် မဲအိုး သတ်မှတ်ချက် မကောင်းနိုင်ဘဲ
မဲအိုး ၄ ထဲရောက်ဖို့ရှိနေတာဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ
ယူရို-၂၀၀၀ ပြိုင်ပွဲတုန်းက အုပ်စုတွင်းမှာ ဂျာမနီ၊ ရိုမေးနီးယား၊
ပေါ်တူဂီတို့နဲ့အတူ အုပ်စုကျပ်အတွင်း ရောက်ရှိခဲ့ပြီး ၁ ပွဲနိုင်၊
၂ ပွဲရှုံးနဲ့ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပြီးနောက်ပိုင်း ၄ ကြိမ်ဆက်တိုက်
အုပ်စုအဆင့်ကို ကျော်လွှားနိုင်ခဲ့ပါတယ်။ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်
အင်္ဂလန်တို့ တစ်ခါမှ ဗိုလ်မစွဲဖူးသေးဘဲ အမြင့်ဆုံးအောင်မြင်မှုအဖြစ်
ယူရို-၂၀၂၀ ပြိုင်ပွဲတုန်းက ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်နိုင်ခဲ့ပြီး
အီတလီကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ရှုံးခဲ့တာကြောင့် ဒုတိယနဲ့ပဲကျေနပ်ခဲ့ရပါတယ်။