ယူရိုခြေစစ်ပွဲမှာ သွင်းဂိုးပါဝင်ပတ်သက်မှုအများဆုံး ကွင်းလယ်လူအဖြစ် ဘရူနိုဖာနန်ဒက်စ် ရပ်တည်နေ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပေါ်တူဂီနာမည်ကျော်ကွင်းလယ်လူ

ဘရူနိုဖာနန်ဒက်စ်ဟာ ယူရို-၂၀၂၄ ခြေစစ်ပွဲမှာ သွင်းဂိုးပါဝင်ပတ်သက်မှု

အများဆုံး တစ်ဦးတည်းသော ကွင်းလယ်လူအဖြစ် ရပ်တည်နေပါတယ်။

ယူရို-၂၀၂၄ အုပ်စုနောက်ဆုံး ခြေစစ်ပွဲမှာ ပေါ်တူဂီအသင်းက

အိုက်စလန်ကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်က အဖွင့်ဂိုးကို

ဘာနာဒိုဆေးလ်ဗား ဖန်တီးပေးမှုကနေ သွင်းယူခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ ယူရိုခြေစစ်ပွဲ ၁၀ ပွဲကစား ရာနှုန်းပြည့်အနိုင်နဲ့

ယူရို-၂၀၂၄ ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး စုစုပေါင်း ၃၆ ဂိုးအထိ

သွင်းယူခဲ့တာကြောင့် ခြေစစ်ပွဲဝင် အသင်းတွေထဲမှာ သွင်းဂိုး

အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ပေါ်တူဂီအသင်း

ယူရို-၂၀၂၄ ခြေစစ်ပွဲအောင်မြင်ခဲ့တာမှာ ဝါရင့်ကစားသမား

စီရော်နယ်လ်ဒို ခြေစွမ်းပြဂိုးတွေ သွင်းယူခဲ့သလို ကွင်းလယ်လူ

ဘရူနိုဖာနန်ဒက်စ်ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့်လည်း

ပါဝင်ခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ ခြေစစ်ပွဲ ၁၀ ပွဲမှာ မိနစ်ပေါင်း

၈၄၄ မိနစ်ပါဝင်ကစားခဲ့ပြီး သွင်းဂိုး ၆ ဂိုး၊ ဂိုးဖန်တီးမှု ၈ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ရဲ့ တစ်ပွဲပျမ်းမျှသွင်းဂိုးက ဝ.၆ ဂိုးရှိသလို တစ်ပွဲ

ပျမ်းမျှဂိုးဖန်တီးမှုကလည်း ဝ.၈ ကြိမ်ရှိပြီး တိကျတဲ့ဘောလုံးပေးပို့မှု

ရာခိုင်နှုန်း ၈၃.၇ % ရှိခဲ့ပါတယ်။ လက်ရှိ ယူရို-၂၀၂၄ ခြေစစ်ပွဲတစ်လျှောက်

သွင်းဂိုးပါဝင်ပတ်သက်မှု အများဆုံးကစားသမား ၅ ဦးစာရင်းမှာ

တစ်ဦးတည်းသော ကွင်းလယ်လူအဖြစ် ဘရူနိုဖာနန်ဒက်စ် ပါဝင်နေတာ

ဖြစ်ပါတယ်။ သွင်းဂိုးပါဝင်ပတ်သက်မှု အများဆုံးက ဘယ်လ်ဂျီယံ

နာမည်ကျော်တိုက်စစ်မှူးလူကာကူဖြစ်ပြီး သူက ၁၄ ဂိုးနဲ့ ဂိုးအများဆုံး

ကစားသမားဖြစ်နေပေမဲ့ ဂိုးဖန်တီးမှုတော့ မရှိပါဘူး။ အဆင့် ၂ နေရာမှာ

ဘရူနိုဖာနန်ဒက်စ်နဲ့အတူ ပြင်သစ်ကြယ်ပွင့်ဘာပေက ၁၄ ဂိုး

(သွင်းဂိုး – ၉ ဂိုး၊ ဂိုးဖန်တီးမှု – ၅ကြိမ်)နဲ့ ပူးတွဲရပ်တည်နေပြီး

စီရော်နယ်လ်ဒိုက ၁၂ ဂိုး (သွင်းဂိုး – ၁၀ ဂိုး၊ ဂိုးဖန်တီးမှု -၂ ကြိမ်)၊

ဟယ်ရီကိန်းက ၁၀ ဂိုး (သွင်းဂိုး – ၈ ဂိုး၊ ဂိုးဖန်တီးမှု – ၂ ကြိမ်)နဲ့ ထိပ်ဆုံး ၅ ဦးထဲမှာ ပါဝင်ခဲ့ကြပါတယ်။