“ယူနိုက်တက် ကစားသမား သင်္ချိုင်းလို ဖြစ်နေတာ ဆန်းချက်ဇ်နဲ့ ဒီမာရီယာကိုသာ ကြည့်လိုက်ပါ”


ယူနိုက်တက် တိုက်စစ်မှူးဟောင်း အိုဝင်က အိုးထရက်ဖို့ဒ်ကို ရောက်လာတဲ့ ကစားသမား အများစုဟာ ဆုတ်ယုတ်သွားကြပြီး ဆန်းချက်ဇ်နဲ့ ဒီမာရီယာတို့က ဥပမာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလက ငွေသုံးကြမ်းခဲ့ပေမဲ့ အကျိုးအမြတ် အနည်းငယ်သာ ပြန်ရပါတယ်။

အိုးထရက်ဖို့ဒ်မှာ လစာ ဈေးအကြီးဆုံး ကစားသမားဖြစ်တဲ့ ဆန်းချက်ဇ်ဟာ ယူနိုက်တက်မှာ ခြေစွမ်းမပြနိုင်ပဲ အင်တာမီလန်ကိုတောင် အငှားပြောင်းသွားခဲ့ရပါတယ်။ အလားတူ တိုက်စစ်မှူး လူကာကူဟာလည်း အင်တာကိုပဲ ပြောင်းခဲ့ရပေမဲ့ လက်ရှိမှာ ခြေစွမ်းပြသနေခဲ့ပါတယ်။

အိုဝင်က ငွေကြေးတွေ ဖြုန်းတီးပစ်တာထက်စာရင် လက်ရှိ ဖြစ်ပေါ်နေတဲ့ ပြဿနာတစ်ခုကို ဖြေရှင်းနိုင်ဖို့ ပိုအရေးကြီးတယ်လို့ ဆိုခဲ့ပါတယ်။

အိုဝင်က “ဒီကိစ္စက စိတ်ပူစရာအကောင်းဆုံး ကိစ္စပါပဲ။ ကျွန်တော်တို့အားလုံး သဘောတူတူ မတူတူ ဆန်းချက်ဇ်က ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ကစားသမားအဖြစ် ၂ရာသီ၊ ၃ရာသီလောက် ရပ်တည်နိုင်ခဲ့တာပါ။ ဒီလို အကောင်းဆုံး အနေအထားကနေ အဆိုးဆုံးကို ဘယ်လို ရောက်သွားရတာလဲ”

“အသင်းက ကစားသမားကောင်း ခေါ်လိုက်လို့ အကောင်းဆုံး ကစားသမား ဖြစ်လာတယ်ဆိုတာ လွန်ခဲ့တဲ့ ၆နှစ် ၇နှစ်အတွင်း တစ်ခါမှ မမြင်ခဲ့ရပါဘူး။ သူတို့အားလုံး ဆုတ်ယုတ်လာကြတာပါ။ ခေါ်လိုက်တဲ့ ကစားသမားတွေ ခြေစွမ်းကောင်းတာ မကောင်းတာကို ဆွေးနွေးနိုင်ပေမဲ့ ဆန်းချက်ဇ်က တကယ်ကို ကောင်းမွန်တဲ့ ခေါ်ယူမှုဆိုတာ ငြင်းစရာ မရှိပါဘူး။ ဒါပေမဲ့ သူ ဘယ်လို ခြေစွမ်းဆိုးသွားတာလဲ”

“‘ဒီမာရီရာလည်း တူတူပဲ။ သူတို့ကို ငွေကြေး အမြောက်အမြားခေါ်ယူပြီးရင် ခြေစွမ်းမပြနိုင်တဲ့ ကစားသမားတွေ ဖြစ်သွားတော့တာပါပဲ။ အသင်းမှာ အခြေခံအုပ်မြစ်တစ်ခုခု မှားယွင်းနေတာတော့ သေချာပါတယ်။ နောက်ထပ် ပေါင် သန်း၁၀၀လောက် မဖြုန်းတီးပစ်ခင် ဒီပြဿနာကို အဖြေရှာဖို့ လိုအပ်ပါတယ်။ ဒီလိုပဲ ဆက်သွားမယ်ဆိုရင်တော့ ပေါင် သန်း၁၀၀-၂၀၀လောက် ဆုံးရှုံးဦးမှာပါပဲ”လို့ ပြောခဲ့ပါတယ်။

photo internet

ယူနိုက်တက်ဟာ လက်ရှိ အပြောင်းအရွှေ့ရာသီမှာတော့ ကစားသမား ၁ဦး၊ ၂ဦးလောက် ရှာဖွေနေကြောင်း ဆိုးလ်ရှားက အတည်ပြုထားခဲ့ပါတယ်။