ယူနိုက်တက်မှာ သူလိုချင်တဲ့ကစားသမားမရခဲ့ဘူးလို့ မော်ရင်ဟိုအကြောင်း လူကာကူဖွင့်ဟလာ


ယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူးဟောင်း လူကာကူက နည်းပြ မော်ရင်ဟိုဟာ ယူနိုက်တက်ကို ကိုင်တွယ်စဉ်မှာ သူလိုချင်တဲ့ ကစားသမားမျိုးမရခဲ့တာကြောင့် အောင်မြင်မှုနဲ့ ဝေးကွာခဲ့တယ်လို့ ထောက်ခံပြောကြားလိုက်ပါတယ်။ လူကာကူဟာ ၂၀၁၇ ခုနှစ်နွေရာသီက အဲဗာတန်ကနေ အိုးထရက်ဖို့ဒ်ကို ပေါင် ၇၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။


ပေါ်တူဂီသားဟာ ယူနိုက်တက်ကိုင်တွယ်စဉ်မှာ ပေါ့ဂ်ဘာ ၊ လင်ဒီလော့ဖ်တို့နဲ့သာ ၂ ပါးသွားခဲ့ရပါတယ်။ သတင်းတွေအရ ယူနိုက်တက်ဘုတ်အဖွဲ့ဟာ အချို့သော အပြောင်းအရွှေ့ကို တားမြစ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။


လူကာကူက မော်ရင်ဟိုအနေနဲ့ လုံလောက်တဲ့ ထောက်ပံ့မှုမျိုးသာ ရမယ်ဆိုရင် အောင်မြင်မှုရနိုင်တဲ့သူမျိုးလို့ ထောက်ခံပြောကြားခဲ့ပြီး လက်ရှိအကောင်းဆုံးနည်းပြတွေထဲကတစ်ဦးလို့ ဆိုပါတယ်။ စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာလည်း လူကာကူ “နည်းပြတွေကတော့ အများကြီးရှိပါတယ်။ ကွန်တီ ၊ မာတီနက်ဇ် ၊ ကိုးလ်မန်း အများကြီးပါ။ မော်ရင်ဟိုလည်း သူတို့လိုနည်းပြကောင်းတွေထဲက တစ်ဦးပါ။ သူ့ကိုယူနိုက်တက်အနေနဲ့ လုံလောက်တဲ့ထောက်ပံ့မှုမျိုးသာ ပေးမယ်ဆိုရင် မအောင်မြင်နိုင်စရာ မရှိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။


“စတိဗ်ကလာ့ခ်က ကျွန်တော့်ကို အသက် ၁၉ နှစ်နဲ့ ပရီးမီးယားလိဂ်မှာ ကစားဖို့ အခွင့်အရေးပေးခဲ့သူပါ။ ဒါ့အပြင် အန်ဒါလက်ချ်နည်းပြ ဂျာကော့ဘ်ကလည်း ကျွန်တော့်ကို အခွင့်အရေးပေးခဲ့သူပါ။ မော်ရင်ဟိုလည်း ထို့နည်းတူပါ။ အားလုံးကို ကျွန်တော်လေးစားပြီးသားပါ။ဘယ်နည်းပြနဲ့မှ ပြဿနာမရှိပါဘူး”လို့ လူကာကူက ပြောပါတယ်။ လူကာကူဟာ ယူနိုက်တက်ကနေ စီးရီးအေကိုပြောင်းရွှေ့ပြီးနောက် လက်ရှိအင်တာမီလန်အသင်းမှာ ခြေစွမ်းပြကစားနေတာ ဖြစ်ပါတယ်။


အသက် ၂၆ နှစ်သားက သူဟာ ကစားသမားဘဝတက်လမ်းအတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုလည်း ချမှတ်နိုင်ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။ “ပြီးခဲ့တဲ့နှစ်က ကျွန်တော့်အတွက် တော်တော်လေး ခက်ခဲခဲ့ပါတယ်။ ကျွန်တော့်ရဲ့စွမ်းဆောင်ရည်လည်း ကျဆင်းခဲ့ပါတယ်။ အဲ့တာနဲ့ ကျွန်တော်နည်းပြနဲ့ ဆွေးနွေးပြီး အကောင်းဆုံးလမ်းကို ရွေးချယ်ခဲ့ပါတယ်။ ကျွန်တော့်ထွက်သွားတဲ့အတွက် ယူနိုက်တက်မှာ လူငယ်တွေနေရာရလာပါတယ်”လို့ လူကာကူက ပြောကြားခဲ့ပါတယ်။