ယူနိုက်တက်ထက် အက်သလက်တီမက်ဒရစ်ကိုသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတဲ့ ကာဗာနီ


သတင်းတွေအရ ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ကာဗာနီဟာ ယူနိုက်တက်အသင်းထက် အက်သလက်တီကိုမက်ဒရစ်ကိုသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ ဥရုဂွေးသားကတော့ ယခုရာသီအကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပီအက်စ်ဂျီကနေ ထွပက်ခွာခွင့်ရှိနေတာ ဖြစ်ပါတယ်။

ကာဗာနီဟာ ၂၀၁၃ ခုနှစ် နာပိုလီအသင်းကနေ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့လာပြီးနောက် အသင်းကို လီဂူးဝမ်းဖလား ၅ ကြိမ် နဲ့ ပြင်သစ်ဖလား ၄ ကြိမ်အထိ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဥရုဂွေးသားဟာ အသင်းမှာ နေမာ ၊ အီကာဒီ ၊ မက်ပီတို့ရဲ့နောက်မှ ပွဲထွက်ခွင့်ရနေတာကြောင့် အသင်းကနေ စွန့်ခွာဖို့ စဉ်းစာလာတာ ဖြစ်ပါတယ်။
Marca သတင်းဌာနကတော့ ယူနိုက်တက်ဟာ အသက် ၃၂ နှစ်ကို ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဆဲလ်ဘတ်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပေမယ့် ဒေါ့မွန်က လက်ဦးခဲ့တာကြောင့် နောက်ထပ်တိုက်စစ်မှူးတစ်ဦး ရှာဖွေနေပြီး ကာဗာနီကို ပစ်မှတ်ထားလာခဲ့ပါတယ်။


ဒါပေမဲ့ ကာဗာနီဟာ ပရီးမီးယားလိဂ်ထက် လာလီဂါကိုသာ ပြောင်းရွှေ့ဖို့ ရွေးချယ်ထားပါတယ်။ အက်သလက်တီကိုနည်းပြ ဆီမြွန်နီကလည်း လက်ရှိအသင်းရဲ့တိုက်စစ်ပိုင်းကို အားမရဖြစ်နေပြီး တိုက်စစ်မှူးသစ်ခေါ်ယူဖို့ ပြင်ဆင်လာခဲ့ပါတယ်။လက်ရှိ အက်လသလက်တီကိုတိုက်စစ်မှူးသစ် ဂျာအိုဖီးလစ်ကလည်း ဘင်ဖီကာအသင်းကနေ ပြောင်းရွှေ့လာပြီးနောက် ခြေစွမ်းပြဖို့ ရုန်းကန်နေရပါတယ်။ ထို့အတူ အခြားတိုက်စစ်မှူး မိုရာတာကလည်း ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။
ဝါရင့်တိုက်စစ်မှူး ကော်စတာကလည်း အသက်အရွယ်ပိုင်းအရ အကျပိုင်းကိုရောက်လာပြီး ဒီရာသီ လာလီဂါ ၁၁ ပွဲမှာ ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ကာဗာနီကတော့ အက်သလက်တီကိုပြောင်းရွှေ့ဖို့ အလိုရှိနေပေမယ့် ဆီမြွန်နီရဲ့အသင်းဟာ လုပ်စရာတွေအများကြီးကျန်နေသေးတာကို အတိုင်းသား မြင်တွေ့နေရပါတယ်။