ယနေ့အတွက် ယူနိုက်တက်အပြောင်းအရွှေ့သတင်းတိုများ

>>> မန်ချက်စတာညနေခင်းသတင်းဌာနတွေကတော့ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းအတွက် ဝုဗ်က ဂျီမီနက်ဇ် နဲ့ လိုင်ယွန်က ဒမ်ဘီလီတို့ကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်အတွက် ပြဿနာတစ်ရပ်က ဂျီမီနက်ဇ်ကို ဝုဗ်ကလည်း ရောင်းချဖို့ အလိုမရှိသလို ဒမ်ဘီလီကိုခေါ်ယူဖို့အတွက်လည်း ချဲလ်ဆီးနဲ့ ယှဉ်ပြီး ခေါ်ယူရဖွယ် ရှိနေပါတယ်။


>>> စပို့တင်းအသင်းဟာ ဖာနန်ဒက်စ်အပြောင်းအရွှေ့မှာ ကစားသမားတစ်စိတ်တစ်ပိုင်းအဖြစ် ယူနိုက်တက်ကွင်းလယ်လူ ပါရဲရားကို အလိုရှိနေတယ်လို့ Telegraph သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်နဲ့ လက်ရှိစပို့တင်းတို့ကြားအပြောင်းအရွှေ့က အပြီးမသတ်နိုင်သေးပဲ ဆက်လက်ကြာရှည်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။


>>> ယူနိုက်တက်ဟာ နောက်တန်းနေရာအတွက် နာပိုလီနောက်ခံလူ ကူလီဘာလေကို ပစ်မှတ်ထားလာတယ်လို့ အီတလီသတင်းဌာနတွေက ဖော်ပြလာကြပါတယ်။ နည်းပြ ဆိုးလ်ရှားကတော့ လက်ရှိအသင်းရဲ့နောက်တန်းအနေအထားကို စိတ်တိုင်းမကျပဲ ကူလီဘာလေကို အင်အားထပ်ဖြည့်ဖို့ စီစဉ်နေပါတယ်။


>>> လန်ဒန်ကလာတဲ့သတင်းတွေအရ ယူနိုက်တက်ဟာ စပို့တင်းကွင်းလယ်လူ ဖာနန်ဒက်စ်သာ အဆင်မပြေပါက ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ ပြင်ဆင်ထားတယ်လို့ ဖော်ပြနေကြပါတယ်။ ဝက်စ်ဟမ်းအသင်းကတော့ ကစားသမားအတွက် တန်ကြေးကို ပေါင် ၅၀ သန်းသတ်မှတ်ထားပြီး ယူနိုက်တက်ဖက်ကလည်း ပေးချေဖို့ အသင့်ရှိနေပါတယ်။


>>> အေစီမီလန်အသင်းဟာ ကွင်းလယ်လူ ဆူဆိုထွက်ခွာမယ့်အရေးနဲ့ ရင်ဆိုင်နေရတာကြောင့် ယူနိုက်တက်ကွင်းလယ်လူ လင်ဂတ်ကို မျက်စိကျလာပါတယ်။ အဆိုပါယူနိုက်တက်ကစားသမားကို အေးဂျင့် ရွိုင်းအိုလာက ကိုင်တွယ်နေပြီး လင်ဂတ်ကို အီတလီမြေကို ပို့ဆောင်ဖို့ ကြံစည်နေတာ ဖြစ်ပါတယ်။