
တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်ဟာ မန်ယူနဲ့အတူ ပြန်လည်ပေါင်းစည်းရေး အိပ်မက်ကို လက်မလျှော့သေးဘူးလို့ သိရပါတယ်။ အသက် ၂၁ နှစ်အရွယ် ဂရင်းဝုဒ်ဟာ အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံး ရက်မှာ လာလီဂါကလပ် ဂီတာဖေးဆီကို အငှားစာချုပ်နဲ့ ပြောင်းသွားခဲ့သူပါ။
အင်္ဂလန်သားရဲ့ အမှု ကိစ္စတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ၆ လလောက် လုပ်ခဲ့ ပြီးချိန်မှာတော့ ဂရင်းဝုဒ်ကို အသင်းကနေ နှင်ထုတ်လိုက်ပြီလို့ မန်ယူက ကြေညာခဲ့တာပါ။ အခုဆိုရင် မေဆင်ဟာ ဘာစီလိုနာ၊ ရီးရဲလ်တို့လို့ အသင်း ကြီးတွေရှိရာ ဘောလုံးကမ္ဘာမှာ သူ့ရဲ့အမှားတွေကို ပြန်ပြီး အဖတ်ဆယ်နိုင်ဖို့ အတွက် ကြိုးစားပါတော့မယ်။
နောက်ပြီး တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင်လည်း မန်ယူအသင်းနဲ့အတူ ပြန်ပြီး ကစားခွင့်ရမယ့် အိပ်မက်ကို လက်မလျှော့သေး လို့လည်း သိရပါတယ်။ ‘’သူက ဖိအားဒဏ်တွေကို ခံနိုင်ရည်ရှိနေပြီဆိုတာကို သက်သေပြချင်နေတယ်။ နောက်ပြီး တစ်နေ့မှာ မန်ယူအတွက် ဘောလုံး ပြန်ကစားခွင့်ဆိုတဲ့ အိပ်မက်ကိုလည်း လက်မလျှော့ချင်ဘူး။
အသင်း အတွက် သူပြန်လာနိုင်တဲ့ အခြေအနေမျိုးရှိနိုင်တယ်ဆိုတဲ့ ကာလမတိုင်ခင်ကတည်း က ကလပ်အသင်းက သူ့အပေါ်ထားတဲ့ ယုံကြည်မှုကို ပြန်ပြီး ပေးဆပ်ချင် နေတဲ့သူပါ။ သူ့အနေနဲ့ အများကြီး လုပ်ပြရမယ်ဆိုတာတော့ သူသိပါတယ်။ ကွင်းတွင်းရော ကွင်းပြင်ရောပေါ့။ သူက အသင်းနဲ့အတူ စပြီး ကစားဖို့ကို စိတ်လှုပ်ရှားခဲ့တဲ့သူပါ’’ လို့ ဂရင်းဝုဒ်နဲ့ ရင်းနှီးတဲ့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။
နောက်ပြီး မန်ယူကလည်း ဂရင်းဝုဒ်ကို ပရီးမီးယားလိဂ်မှာ တစ်ကျော့ပြန် ခြေချနိုင်တဲ့ ကစားသမားတစ်ယောက်ဖြစ်အောင် ကူညီပေးဖို့ ရည်ရွယ်ချက်မျိုး ရှိနေတယ်လို့ အိုးလ်ထရက်ဖို့ဒ်နဲ့ ရင်းနှီးတဲ့ သတင်းရင်းမြစ် တစ်ခုကလည်း ပြောပါတယ်။ နောက်ပြီး မန်ယူဟာ ဂရင်းဝုဒ်ရဲ့ လုပ်ခလစာ တစ်ဝက်ကိုလည်း ပေးချေသွားမှာဖြစ်ပြီး အိမ်ငှားခဖြစ်တဲ့ တစ်လ ပေါင် ၈၀၀၀ ဆိုတဲ့ အခကြေးငွေကိုလည်း စိုက်ထုတ်ပေးထားမှာဖြစ်တယ်လို့လည်း အတွင်းသတင်းတစ်ရပ်အရ သိရပါတယ်။
ဂရင်းဝုဒ်ရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဂီတာဖေးနည်းပြဖြစ်တဲ့ ဟိုဆေး ဘော်ဒါလက်စ်ကတော့ ‘’ဖြစ်ခဲ့တာတွေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ပြီးခဲ့ပြီဆိုတာလည်း အားလုံး သိကြပြီးပါ ပြီ။ သက်ဆိုင်တဲ့ သူတွေအကုန်လုံးဟာဆိုရင်လည်း လုပ်ရမယ့်ဟာတွေ လုပ်ခဲ့ကြပြီးပါပြီ။
အပြစ်ရှိတယ်ဆိုတဲ့ အကျိုးအကြောင်း ပြနိုင်ပေမဲ့လည်း ရာဇဝတ်မှုဆိုင်ရာ စီရင်ချက်မျိုးတော့ မဟုတ်ခဲ့ပါဘူး’’ လို့ ဘော်ဒါလက်စ်က ကစားသမားသစ် ဂရင်းဝုဒ်နဲ့ ပတ်သက်ပြီး ပြောခဲ့တာဖြစ်ပါတယ်။