မန်စီးတီးနောက်ခံလူဟောင်းကို ခေါ်ယူဖို့ အာဆင်နယ်အသင်း သဘောတူညီမှု ရရှိ

အာဆင်နယ်အသင်းဟာ မန်စီးတီးနောက်ခံလူဟောင်း ပါဘလို မာရီကို ဖလာမင်ဂိုအသင်းကနေ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ နောက်ခံလူ ချမ်ဘာစ် ဒဏ်ရာရရှိသွားခဲ့ပြီးနောက် မူစတာဖီ၊ ဒေးဗစ်လုဇ်၊ ဆိုကာရစ်တို့နဲ့အတူ ခံစစ်ပိုင်း ရုန်းကန်နေခဲ့ပါတယ်။

မာရီကတော့ ပြီးခဲ့တဲ့ နွေရာသီကမှ ဖလာမင်ဂိုကို ပေါင် ၁သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး ဘရာဇီးကလာတဲ့ သတင်းတွေအရ ယနေ့ညမှာပဲ လန်ဒန်မှာ ဆေးစစ်မှု ခံယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ESPNနဲ့ GloboEsporteတို့ကလည်း ဆေးစစ်မှု ခံယူတော့မယ်ဆိုတဲ့အကြောင်းကို အတည်ပြုထားခဲ့ကြပါတယ်။

မန်စီးတီးကနေ ထွက်ခွာလာခဲ့ပြီးနောက် မာရီဟာ ဖလာမင်ဂိုအသင်းမှာ အဓိက ခံစစ်မှူးအဖြစ် ဦးဆောင်ကစားနေခဲ့တာ ဖြစ်ပါတယ်။ အလားတူ မာရီဟာ လီဗာပူးအသင်းနဲ့ ကမ္ဘာ့ကလပ်ဖလား ဗိုလ်လုပွဲမှာလည်း တွေ့ဆုံခဲ့ဖူးပြီး ကမ္ဘာကျော် တိုက်စစ်မှူးတွေကို ထိန်းချုပ်ခဲ့ဖူးပါတယ်။

ဒါကြောင့် မူစတာဖီ၊ လုဇ်၊ ဆိုကရာတစ်တို့နဲ့အတူ ရုန်းကန်နေရတဲ့ အာဆင်နယ်ခံစစ်ကို မာရီတစ်ယောက် ဖြည့်စည်းပေးနိုင်တော့မှာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ယခုနှစ်ရာသီ ပရီးမီးယားလိဂ် ၂၄ပွဲမှာ ၃၄ဂိုးအထိ ပေးထားရပြီး ခံစစ်အညံ့ဆုံး အသင်း၁၀သင်းထဲမှာ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

မာရီဟာ ၂၀၁၆ခုနှစ် သြဂုတ်လက မန်စီးတီးကို ရောက်ရှိလာခဲ့ပေမဲ့ အငှားကစားသမားအဖြစ်သာ အချိန်ကုန်ခဲ့ရပြီး ဒီပို့ဒီပို၊ ဂီရိုနာအသင်းတွေမှာ အငှားကစားခဲ့ဖူးပါတယ်။