မတန်တဆဈေးနဲ့ ခေါ်ထားတဲ့ ကော်တင်ဟိုကို ပေါင် သန်း ၆၀လောက် လျော့ပြီး ရောင်းချတော့မယ့် ဘာစီလိုနာ


စိတ်ပျက်နေတဲ့ ဘာစီလိုနာအသင်းဟာ ပေါင် ၁၄၅သန်းနဲ့ ခေါ်ယူထားတဲ့ ကွင်းလယ်လူ ဖီလစ်ပီ ကော်တင်ဟိုကို ပေါင် သန်း၆၀လောက် အရှုံးခံပြီး ရောင်းချတော့မယ်လို့ သိရပါတယ်။ ဘရာဇီးသားဟာ လီဗာပူးကနေ ဘာကာကို ရောက်ရှိလာပြီးနောက်ပိုင်း လုံး၀ ခြေစွမ်းပြနိုင်ခဲ့ပဲ ဘိုင်ယန်မြူးနစ်ကို အငှားချထားခဲ့ရပါတယ်။

ဘိုင်ယန်မြူးနစ်မှာလည်း ထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့တဲ့အတွက် ဂျာမန်ကလပ်က ပေါင် ၁၀၂သန်းပေးပြီး ခေါ်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ စပိန်ဝက်ဘ်ဆိုက် Mundo Deportivoကတော့ ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုအတွက် ပေါင် ၆၈သန်းနဲ့ ၇၇သန်းကြား ရရှိရင်တောင် မျက်စိမှိတ် ရောင်းချသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်းကတော့ ချဲလ်ဆီး၊ ယူနိုက်တက်နဲ့ အသင်းဟောင်း လီဗာပူးတို့ထံကနေ ချိတ်ဆက်မှုတွေ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဘရာဇီးသားရဲ့ တစ်နှစ်လုပ်ခ ပေါင် ၇.၂သန်းဆိုတဲ့ ငွေကြေးက ခေါ်ယူမယ့်အသင်းတွေကို လက်တွန့်သွားစေခဲ့ပါတယ်။

ဘာစီလိုနာကတော့ လာမယ့် အပြောင်းအရွှေ့မှာ ကော်တင်ဟိုကို ရောင်းချပြီး အာဆင်နယ် အသင်းခေါင်းဆောင် အူဘာမီယန်းကို ခေါ်ယူဖို့ ရည်မှန်းထားခဲ့ပါတယ်။ တိုက်စစ်မှာ ဆွာရက်ဇ်နဲ့ ဒမ်ဘီလီတို့ ဒဏ်ရာရရှိနေတာကြောင့် စပိန်ကလပ်အနေနဲ့ အပြောင်းအရွှေ့ကာလမှာ တိုက်စစ်ပိုင်းကို အားဖြည့်သွားဖို့ ရှိနေပါတယ်။

လက်ရှိမှာတော့ ဂီတာဖေးတိုက်စစ်မှူး အိန်ဂျယ် ရိုဒရီဂွက်ဇ်ကို ခေါ်ယူဖို့အတွက် အရေးပေါ် ခေါ်ယူခွင့်တောင် တောင်းခံထားပါတယ်။ လက်ရှိ ဘာစီလိုနာ တိုက်စစ်မှာ ကြံ့ခိုင်မှု ပြည့်ဝနေသူဆိုလို့ ဖာတီ၊ မက်ဆီနဲ့ ဂရစ်ဇ်မန်းတို့သာ ကျန်ရှိနေခဲ့ပါတယ်။