မက်ဆီဟာ ပရီးမီးယားလိဂ်မှာ အံဝင်မယ့်သူမဟုတ်ကြောင်း ပီတစ်ယူဆနေ


ဘာစီလိုနာကစားသမားဟောင်း ပီတစ်က မက်ဆီကို ခေါ်ယူမယ့် စီးတီးအသင်းကို သတိပေးပြောကြားလိုက်ပြီး သူဟာ ပရီးမီးယားလိဂ်လို ကြံ့ခိုင်မှုအသားပေးကစားတဲ့လိဂ်မှာ အံဝင်မယ့်သူမျိုးမဟုတ်ကြောင်း ဆိုလိုက်ပါတယ်။ မက်ဆီဟာ အားကစားဒါရိုက်တာ အဘီဒယ်နဲ့ ပြဿနာတက်ခဲ့ပြီးနောက် အသင်းမှာ ဆက်ရှိဖို့ အနာဂတ်က မရေမရာဖြစ်လာခဲ့ပါတယ်။


ဒါပေမဲ့ ဘာစီလိုနာမှာ ကစားခဲ့တဲ့ ပီတစ်ကတော့ မက်ဆီဟာ ပြိုင်ဘက် ရော်နယ်ဒိုလိုမျိုး မဟုတ်တာကြောင့် ပရီးမီးယားလိဂ်မှာ အသားကျမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ “အမှန်အတိုင်းဝန်ခံရမယ်ဆိုရင် သူ (မက်ဆီ) ဟာ အင်္ဂလန်နဲ့ အံဝင်မှာ မဟုတ်ပါဘူး။ စပိန်နဲ့ အင်္ဂလန်က ကွာခြားချက်များပါတယ်”လို့ ပီတစ်က မယ်ရာသတင်းဌာနကို ပြောပါတယ်။


“အင်္ဂလန်ပရိသတ်တွေကတော့ မက်ဆီကို ပရီးမီးယားလိဂ်မှာ မြင်ချင်နေကြမှာပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ အဆင်မပြေလောက်ဘူးလို့ ထင်ပါတယ်။ မန်စီးတီးကလည်း မက်ဆီလို အသက် ၃၂ နှစ်အရွယ်ကစားသမားမျိုးကို မခေါ်လောက်ဘူးထင်ပါတယ်။ စီးတီးခေါ်ချင်တယ်ဆိုရင် လွန်ခဲ့တဲ့နှစ်တွေကတည်းက ခေါ်လောက်ပါတယ်”လို့ ပီတစ်က ပြောပါတယ်။


“ရော်နယ်ဒို နဲ့ မက်ဆီက ကွဲပြားခြားနားပါတယ်။ ရော်နယ်ဒိုက အခုအချိန်အထိ ကစားအားမကျသေးပါဘူး။ မကဆီကတော့ နောက်ထပ် ၁ နှစ် ၂ နှစ်လောက်ပဲ ကစားနိုင်တော့မှာပါ။ ဘာစီလိုနာမှာနေတာ မက်ဆီအတွက် အကောင်းဆုံးပါ။ ပရီးမီးယားလိဂ်မှာတော့ မက်ဆီအသားမကျနိုင်လောက်ပါဘူး”လို့ ပီတစ်က ပြောပါတယ်။ မက်ဆီ နဲ့ အဘီဒယ်တို့ရဲ့ပြဿနာဟာ နည်းပြ ဗယ်လ်ဗာဒီထုတ်ပယ်ခံရတာဟာ ကစားသမားတွေကြောင့်ဖြစ်တယ်လို့ အဘီဒယ်ရဲ့ ဝေဖန်မှုကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။


လက်ရှိအချိန်အထိလည်း သတင်းတွေက မပြီးသေးပဲ မက်ဆီတစ်ယောက် ဘာစီလိုနာကနေ ထွက်ခွာချင်နေတယ်လို့ ဖော်ပြနေကြပါတယ်။ မက်ဆီကို စီးတီးအပြင် အခြားအသင်းကြီးတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမယ့် တစ်ပတ်လုပ်ခလစာပေါင် ၆၀၀၀၀၀ က ခေါ်ယူမယ့်အသင်းတွေအတွက် အခက်အခဲဖြစ်လာဖွယ် ရှိနေပါတယ်။