ဘိုင်ယန်မြူးနစ်အသင်းမှာ ဂုဏ်ယူစရာ စံချိန်ကောင်း ၂ ခုကို ချိုးဖျက်နိုင်ဖို့ရှိနေတဲ့ ဟယ်ရီကိန်း . .

ပြီးခဲ့တဲ့နွေရာသီတုန်းက စပါးအသင်းကနေ ဂျာမန်ထိပ်သီး

ဘိုင်ယန်မြူးနစ်ကို ဘွန်ဒစ်လီဂါစံချိန်တင်ပြောင်းရွှေ့ကြေး

ပေါင် ၁၀၄ သန်းနဲ့ပြောင်းရွှေ့ခဲ့သူ ဟယ်ရီကိန်းဟာ ပွဲဦးထွက်

ရာသီမှာပဲ အသင်းသစ်အတွက် မယုံနိုင်လောက်အောင်

ခြေစွမ်းပြဂိုးတွေဆက်တိုက်သွင်းပြနေပါတယ်။

အင်္ဂလန်ဝါရင့်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ပြိုင်ပွဲစုံ ၁၆ ပွဲသာ

ကစားပြီးချိန်မှာပဲ ၂၁ ဂိုးအထိ သွင်းယူခဲ့ပြီး စံချိန်မှတ်တမ်းကောင်းတွေ

တစ်ခုပြီးတစ်ခု ရယူနေတာဖြစ်ပါတယ်။ အခုဆိုရင် ဟယ်ရီကိန်းက

ဘွန်ဒစ်လီဂါသွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေသလို

ဟယ်ထရစ် ၃ ကြိမ်အထိ သွင်းယူခဲ့ပြီးပါပြီ။ တကယ်လို့ ဟယ်ရီကိန်းအနေနဲ့

လက်ရှိပုံစံကောင်းကိုသာ ဆက်ထိန်းနိုင်မယ်ဆိုရင် ဘိုင်ယန်မြူးနစ်

နာမည်ကျော်တိုက်စစ်မှူးဟောင်း လီဝန်ဒေါစကီးရဲ့သွင်းဂိုးစံချိန်ကောင်း

တစ်ခုကို ကျော်ဖြတ်နိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အတွက်

၃၄၄ ဂိုးအထိ သွင်းပြီး ချန်ပီယံလိဂ်အပါအဝင် ကြီးမားတဲ့ဆုဖလား

အောင်မြင်မှုတွေ ရယူနိုင်ခဲ့သူ လီဝန်ဒေါစကီးဟာ ၂၀၂၀-၂၁ ရာသီတုန်းက

တစ်ရာသီအတွင်း ၄၈ ဂိုးအထိ သွင်းယူခဲ့သလို ဘွန်ဒစ်လီဂါမှာ ၄၁ ဂိုး

သွင်းယူခဲ့ပါတယ်။ အဲဒါကြောင့် လီဝန်ဒေါစကီးဟာ ၁၉၇၀-၇၁ ရာသီမှာ

ဘိုင်ယန်မြူးနစ်ဂန္ထဝင်တိုက်စစ်မှူး ဂတ်မူလာ တင်ရှိခဲ့တဲ့ တစ်ရာသီအတွင်း

ဘွန်ဒစ်လီဂါ သွင်းဂိုးအများဆုံးစံချိန်ကို ကျော်ဖြတ်ပြီး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

ပရိသတ်အများစုက လီဝန်ဒေါစကီးရဲ့စံချိန်ကို ချိုးဖျက်နိုင်မဲ့သူပေါ်လာဖို့

ခဲယဉ်းသွားပြီလို့ ယူဆခဲ့ကြပေမဲ့ ၃ နှစ်အကြာမှာ ဟယ်ရီကိန်းက

စံချိန်သစ်တင်နိုင်ဖို့ နီးစပ်နေတာဖြစ်ပါတယ်။ ဒီရာသီ ဘွန်ဒစ်လီဂါမှာ

ဟယ်ရီကိန်းဟာ ၁၁ ပွဲကစား ၁၇ ဂိုးသွင်းယူထားပြီး ၂၀၂၀-၂၁ ရာသီတုန်းက

လီဝန်ဒေါစကီးတောင် ၁၁ ပွဲကစားပြီးချိန်မှာ ၁၂ ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့်

ဟယ်ရီကိန်းက ၅ ဂိုး ပိုများနေပါတယ်။ ဒီလိုခြေစွမ်းကောင်းပြသနေတဲ့အတွက်

အခုဆိုရင် ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်ပရိသတ်တွေရဲ့ အချစ်တော်

ကစားသမားဖြစ်နေပါပြီ။ ဟယ်ရီကိန်း ပိုင်ဆိုင်ဖို့ရှိနေတဲ့ နောက်ထပ်

ဂုဏ်ယူစရာ စံချိန်တစ်ခုက ဂျာစီရောင်းရချမှုအများဆုံးဂုဏ်ပုဒ်ပါပဲ။

ဘိုင်ယန်မြူးနစ်နဲ့ဟယ်ရီကိန်းတို့ စာချုပ်,ချုပ်ခဲ့တဲ့ တစ်ရက်တည်းမှာပဲ

ဟယ်ရီကိန်းနာမည်ပါတဲ့ဂျာစီအထည်ပေါင်း ၁၀,၀၀၀ အထိ

ရောင်းချခဲ့ရပြီး ရာသီကုန်အထိဆိုရင် ဂျာစီအထည်ပေါင်း ၁၀၀,၀၀၀ အထိ

ရောင်းချရဖို့ရှိတယ်လို့ ဘိုင်ယန်မြူးနစ်အသင်းက မျှော်လင့်နေပါတယ်။

ဟယ်ရီကိန်း နာမည်ရိုက်နှိပ်ထားတဲ့ အိမ်ကွင်းဂျာစီတစ်ထည်တန်ဖိုးက

ပေါင် ၁၀၀.၅၈ ရှိပြီး တကယ်လို့ မျှော်လင့်ထားတဲ့အတိုင်းသာ

အထည်ပေါင်း ၁၀၀,၀၀၀ အထိ ရောင်းချဖြစ်မယ်ဆိုရင်

ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာစီရောင်းချတာကနေ

ပေါင် ၁၀ သန်းအထိ ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် ဟယ်ရီကိန်းဟာလည်း

ဘိုင်ယန်မြူးနစ်အသင်းသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း

ဂျာစီရောင်းချရမှုအများဆုံးကစားသမားအဖြစ် စံချိန်ရေးထိုးနိုင်မှာပဲဖြစ်ပါတယ်။