ဖိအားတွေကြောင့် လူငယ်တွေနစ်မြုပ်သွားမှာကို စိုးရိမ်နေတဲ့ ဖလက်ချာ

ယူနိုက်တက်ကွင်းလယ်လူဟောင်း ဒါရင့်ဖလက်ချာက လက်ရှိဖြစ်ပေါ်နေတဲ့ ဖိအားတွေဟာ လူငယ်တွေကို အဆိပ်ဖြစ်စေပြီး ဖိအားတွေအောက်မှာ နစ်မြုပ်သွားမှာကို စိုးရိမ်မိတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ နည်းပြ ဆိုးလ်ရှားဟာ လက်ရှိအသင်းမှာ လူငယ်ကစားသမားတွေကို နေရာပေးနေပြီး ဘရန်ဒန်ဝီလီယံ ၊ ဂရင်းဝုဒ် ၊ ဘစ်ဆာကာ နဲ့ ဒန်နီရယ်ဂျိမ်းစ်တို့ကို ပွဲထုတ်နေတာ ဖြစ်ပါတယ်။


ဒါပေမဲ့ ဘန်လေအသင်းကို ၂-၀ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာတော့ နည်းပြ ဆိုးလ်ရှားတစ်ယောက် ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရကာ အသင်းရဲ့စွမ်းဆောင်ရည်ကလည်း မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါပွဲစဉ်မှာလည်း ပရိသတ်တွေဟာ ပွဲမပြီးခင်မှာပဲ ကွင်းထဲကနေ ထပြန်ကုန်ကြတာ ဖြစ်ပါတယ်။


“ကွင်းထဲက မြင်ကွင်းက အခြေအနေမကောင်းပါဘူး။ ဖိအားတွေတော်တော်များပါတယ်။ တဖြည်းဖြည်းနဲ့ အဆိပ်အတောက်ဖြစ်လာနေပါပြီ”လို့ ယူနိုက်တက်ကွင်းလယ်လူဟောင်း ဖလက်ချာက ပြောပါတယ်။ ဘန်လေနဲ့ပွဲမှာတော့ လူငယ်ကစားသမားတွေဖြစ်တဲ့ ဝီလီယံ ၊ ဘစ်ဆာကာ ၊ ဂျိမ်းစ် နဲ့ ဂရင်းဝုဒ်တို့ ပါဝင်ကစားခဲ့ကြတာ ဖြစ်ပါတယ်။


ဒါ့အပြင် ဖလက်ချာဟာ လက်ရှိဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေနဲ့ ပတ်သတ်ပြီး “ပရိသတ်တွေပေးတဲ့ ဖိအားက ကလေးတွေကို ဒုက္ခရောက်မှာ ကျွန်တော်စိုးရိမ်မိပါတယ်။ လက်ရှိဖြစ်နေတဲ့ ပြဿနာတွေက အခုထက်ပိုမကြီးလာဖို့ မျှော်လင့်ပါတယ်။ ဘန်လေနဲ့ပွဲက ရလဒ်က စိတ်ပျက်စရာပါ”လို့ ဖလက်ချာက ပြောကြားခဲ့ပါတယ်။


ယူနိုက်တက်အသင်းဟာ လက်ရှိအမှတ်ပေးဇယားရဲ့အဆင့် ၅ နေရာမှာပဲ ဆက်လက်ရပ်တည်နေပြီး အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ၆ မှတ်ကွာဟနေကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းနေပြီး အက်ဖ်အေဖလား နဲ့ ကာရာဘောင်ပွဲတွေကို ဆင်နွှဲရဖို့ ကျန်ရှိနေတာ ဖြစ်ပါတယ်။