ပရီးမီးယားလိဂ်ထိပ်တန်းအသင်းတွေ စိတ်ဝင်စားခံနေရတဲ့ ဘာစီလိုနာနောက်ခံလူ အမ်တီတီ

ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ အာဆင်နယ် ၊ မန်ယူ ၊ စပါးတို့ဟာ ဘာစီလိုနာနောက်ခံလူ အမ်တီတီကို ခေါ်ယူဖို့ ပစ်မှတ်ထားလာကြပါတယ်။ ပြင်သစ်သားဟာ ဒဏ်ရာပြဿနာတွေ ရရှိပြီးနောက် နေရာပျောက်ဆုံးခဲ့သလို လက်ရှိအချိန်မှာ နည်းပြ ဗယ်လ်ဗာဒီဟာ ဗဟိုနောက်ခံလူနေရာမှာ ပီကေး နဲ့ လန်ဂလက်တ်တို့ကိုသာ ပွဲထုတ်နေခဲ့တာ ဖြစ်ပါတယ်။

နောက်ခံလူ အမ်တီတီဟာ ဒဏ်ရာတွေကနေ ပြန်လည်သက်သာလာပြီးနောက် ဒီရာသီ ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါပွဲစဉ် ၄ ပွဲသာ ပါဝင်ကစားခွင့်ရရှိထားကာ ပွဲထွက်ခွင့် မသေချာတဲ့အနေအထားတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ စပိန်သတင်းဌာနကတော့ ဘာစီလိုနာအသင်းဟာ အမ်တီတီကို ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ အတည်ပြုခဲ့ပါတယ်။

ဘာစီလိုနာနဲ့ နီးစပ်တဲ့သတင်းတွေက တာဝန်ရှိသူတွေဟာ အမ်တီတီအတွက် ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေတယ်လို့ ဆိုပါတယ်။ ပြင်သစ်သားကို ယူနိုက်တက် ၊ အာဆင်နယ် ၊ စပါးတို့က ခေါ်ယူဖို့ အလိုရှိနေပါတယ်။
ယူနိုက်တက်ကလည်း လက်ရှိအချိန်မှာ နောက်ခံလူ မက်ဂွါရီတစ်ယောက် ဒဏ်ရာရရှိခဲ့သလို ၁ လခန့်အနားယူရမှာ ဖြစ်ကာ ရိုဟိုကလည်း အသင်းကနေ စွန့်ခွာဖွယ်ရှိနေတာကြောင့် နောက်ခံလူသစ် ရှာဖွေဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။ အာဆင်နယ်ကလည်း ချမ်ဘာဒဏ်ရာရရှိနေတာကြောင့် နောက်တန်းမှာ အင်အားဖြည့်တင်းဖို့ စီစဉ်နေပါတယ်။

နည်းပြသစ် အာတီတာကလည်း အသင်းရဲ့နောက်တန်းအခြေအနေကို အားမရဖြစ်နေပြီး အမ်တီတီဟာ အသင်းနောက်တန်းရဲ့အင်အားတစ်ရပ်ဖြစ်လာမယ်လို့ ယုံကြည်နေပါတယ်။ စပါးနည်းပြ မော်ရင်ဟိုကလည်း ပေးဂိုးတွေများနေတဲ့ အသင်းနောက်တန်းကို အမ်တီတီနဲ့ အစားထိုးဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
နောက်ခံလူ အမ်တီတီဟာ ၂၀၁၆ ခုနှစ်က ဘာစီလိုနာအသင်းကို လိုင်ယွန်အသင်းကနေ ပေါင် ၂၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး အသင်းကို လာလီဂါ ၂ ကြိမ် ၊ ကိုပါဒယ်ရေးဖလား ၂ ကြိမ်တို့ိုကို ရယူပေးနိုင်ခဲ့ပါတယ်။ အမ်တီတီဟာ ၂၀၁၈ ခုနှစ်က ခရိုအေးရှားကို အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာလည်း အသင်းအတွက် ပွဲချိန်ပြည့်ပါဝင် ကစားပေးခဲ့ပါတယ်။