နောဝစ်ချ်ကို ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ယူနိုက်တက် တာဝန်ရှိသူတွေကို ဆိုးလ်ရှား ကာကွယ်ပြောကြား


ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ယမန်နေ့ညက နောဝစ်ချ်ကို ၄ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် အသင်းရဲ့ တာဝန်ရှိသူတွေကို ထောက်ခံမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ယမန်နေ့ညက ပွဲစဉ်မှာတော့ ယူနိုက်တက်တို့ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပြီး ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ ဂရင်းဝုဒ်တို့ရဲ့ ဂိုးတွေနဲ့အတူ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

ဒါပေမဲ့ ပွဲချိန် ဒုတိယပိုင်းမှာတော့ ယူနိုက်တက် ပရိသတ်တွေက ဝုဒ်ဝါ့နဲ့ ပိုင်ရှင် ဂလေဇာတို့ကို ရှုံ့ချတဲ့ အော်ဟစ်မှုတွေ ပြုလုပ်ကာ ဆန္ဒပြခဲ့ကြပါတယ်။ ၂၀၀၃နဲ့ ၂၀၀၅ခုနှစ်နောက်ပိုင်း ဂလေဇာ မိသားစုက ကြွေးမီတင်မှု များပြားလာသလို အသင်းရဲ့ အပြောင်းအရွှေ့အတွက် ဝုဒ်ဝါ့ရဲ့ စီမံပုံတွေ၊ အားကစား ဒါရိုက်တာ ခန့်အပ်ဖို့ နှောင့်နှေးနေတာတွေက ပရိသတ်တွေကို မကျေမနပ် ဖြစ်စေခဲ့တာပါ။

ပွဲအပြီးမှာတော့ ဆိုးလ်ရှားက အဆိုပါ အော်ဟစ်မှုတွေကို ကြားသိပြီး အဲ့ဒါတွေက ပြဿနာ မဟုတ်ဘူးလို့ ဆိုသွားခဲ့ပါတယ်။

ဆိုးလ်ရှားက “ဒီအသံတွေကို ကစားသမားတွေ ကြားလား ဆိုတာတော့ မသေချာပါဘူး။ ဒါပေမဲ့ ကျွန်တော်တော့ ကြားလိုက်ပါတယ်။ အသင်းအနေနဲ့ ကျွန်တော်တို့ စည်းလုံးဖို့လိုပြီး ပေါင်းစည်းဖို့ လိုပါတယ်။ ကျွန်တော်တို့က မိသားစုဝင်တွေပါ။ ကျွန်တော် ပြောနိုင်တာကတော့ ပိုင်ရှင်တွေရဲ့ ထောက်ခံမှု ရထားသလို -ဝုဒ်ဝါ့ကလည်း ထောက်ပံ့မှု ပေးထားပါတယ်။ ကျွန်တော်တို့ အခု ပြိုင်ပွဲစုံမှာ ရှိနေပါသေးတယ်။ EFLဖလား၊ FAဖလား၊ လိဂ်မှာ အဆင့်၅၊ ယူရိုပါလိဂ်လည်း ရှိပါသေးတယ်။ ကျွန်တော်တို့ မနှစ်ကထက် ပိုတိုးတက်လာတယ်ဆိုတာ သေချာပါတယ်။ သူတို့ ကျွန်တော့်ကို ယုံဖို့လိုပြီး မှန်ကန်တဲ့ လမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ လိုပါတယ်”လို့ ပြောခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ယမန်နေ့က ပါဝင်ကစားခဲ့ပြီးနောက် ဂျော့ချ်ဘက်စ်နဲ့ ရိုင်ယန် ဂစ်တို့နောက်ပိုင်း အသင်းအတွက် ပွဲ၂၀၀ပြည့်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဆိုးလ်ရှားကတော့ အင်္ဂလန်သားရဲ့ ကြိုးစားမှုတွေအပေါ် ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။