
မန်ယူအသင်းရဲ့ ကွင်းလယ်ပိုင်းကို မွမ်းမံပြင်ဆင်ဖို့အတွက်ဆိုရင် ပေါ်တူဂီသားဖြစ်တဲ့ ဂျာအို နီဗက်စ်ဟာ
အသင့်တော်ဆုံးပဲဖြစ်တယ်လို့ အသင်း ခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က ပြောပါတယ်။
ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်လူ နီဗက်စ်ဟာ အိုးလ်ထရက်ဖို့ဒ်ကို ရောက်လာဖို့အတွက်
ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲမှာ သတင်းပြေးနေသူဖြစ်သလို နည်းပြ အဲရစ် တန်ဟတ်ကလည်း
အသင်းရဲ့ ကွင်းလယ်ပိုင်းကို မွမ်းမံပြင်ဆင်နိုင်ဖို့ အထူး တလည် အားထုတ်နေပါတယ်။
လက်ရှိမှာ မန်ယူဟာ ကွင်းလယ်လူ မေဆင်မောင့်ကို ချဲလ်ဆီးကနေပြီး ခေါ်ထားသလို
မော်ရိုကိုသား အမ်မရာ ဘတ်ကိုလည်း နွေစျေးကွက် မပိတ်ခင်လေးမှာတင် အငှားနဲ့ ခေါ်ပြီး အားဖြည့်ခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိ မန်ယူအသင်းကွင်းလယ်ပိုင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ
လုံလောက်တဲ့ အင်ဂျင်ပါဝါမျိုး လုံးဝ မရှိတဲ့ အတွက် တန်ဟတ်က သွေးသစ်လောင်းချင်နေတာပါ။
ဒါ့အပြင် နယ်သာ လန်သားနည်းပြဟာ မန်ယူအသင်း အဝတ်လဲခန်းထဲမှာလည်း
ကွင်းလယ် ကစားသမားတွေရဲ့ ပျမ်းမျှအသက်ကို လျှော့ချချင်နေတဲ့ ဆန္ဒမျိုး ရှိနေပါတယ်။
ဒါကြောင့် ယူနိုက်တက်အနေနဲ့ ကွင်းလယ်ကို အားဖြည့်မယ်ဆို ရင်တော့
တစ်နိုင်ငံတည်းသားဖြစ်တဲ့ နီဗက်စ်ကို ခေါ်တာ အကောင်းဆုံးပဲ လို့ ဖာနန်ဒက်စ်က ပြောပါတယ်။
”ကျွန်တော် သူ့ကို ယူနိုက်တက်မှာ မြင် ချင်တာပါ။ ဒါပေမဲ့ ဒါက ဂျာအိုရဲ့ ရွေးချယ်ပိုင်ခွင့်ပါ။
သူ့မှာ ထိပ်တန်း အရည်အသွေးရှိတယ်။ သူက တကယ့် ကစားသမားကောင်းပါ။
ဒါပေမဲ့ ဒါက နည်းပြရဲ့ ရွေးချယ်မှုအပေါ်မှာလည်း မူတည်တယ်လေ။
သူမှာ အရမ်းကို ကောင်းလွန်းတဲ့ အနာဂတ်မျိုး ရှိလာမှာပါ။
ယူနိုက်တက် ဒါမှ မဟုတ်ရင်လည်း တခြား တစ်နေရာရာ မှာပေါ့” လို့
ဖာနန်ဒက်စ်က Sport TV ရုပ်သံလိုင်းကို ပြောသွားခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ ဂျာအိုနီဗက်စ် ရဲ့ ဘင်ဖီကာအသင်းနဲ့ စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၁၀၅ သန်းရှိနေပြီး
အဲဒီပမာဏကိုမန်ယူဘက်က လက်ခံဆွေးနွေးနေတယ်လို့ သတင်းတွေ ထွက်လာနေပါတယ်။
ဂျာအိုနီဗက်စ်ဟာ ပေါ်တူဂီ လက်ရွေးစင်အသင်း ယူရို ၂၀၂၄ ခြေစစ်ပွဲအောင်မြင်ဖို့အတွက်
အသင်းဖော် ဖာနန်ဒက်စ်နဲ့အတူ လက်တွဲကြိုးစားခဲ့တဲ့သူဖြစ်တာကြောင့်
အတိုင်အဖောက်ညီနေတဲ့ ကွင်း လယ် အတွဲဖြစ်လာနေပါတယ်။