နိုင်ငံအသင်းကနေအနားယူဖို့ အချိန်မတိုင်သေးဘူးလို့ စီရော်နယ်လ်ဒိုဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီနာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုက လက်ရွေးစင်အသင်းကနေအနားယူတော့မယ်ဆိုတဲ့

ခန့်မှန်းချက်တွေကို ငြင်းဆန်ခဲ့ပြီး နိုင်ငံအသင်းကအနားယူဖို့ သူ့အတွက် အချိန်မတိုင်သေးဘူးလို့ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လက အီရန်ဂန္ထဝင်တိုက်စစ်မှူးအလီဒါယီတင်ရှိထားတဲ့ နိုင်ငံတကာဘောလုံးသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးစံချိန်(၁၀၉)ဂိုးကိုချိုးဖျက်ခဲ့တဲ့

စီရော်နယ်လ်ဒိုဟာ အခုဆိုရင် လက်ရွေးစင်အသင်းအတွက် (၁၁၅)ဂိုးအထိသွင်းယူခဲ့ပြီးပါပြီ။

ယူရို-၂၀၁၆ ချန်ပီယံပေါ်တူဂီအသင်းဟာ ပြီးခဲ့တဲ့ယူရို-၂၀၂ဝပြိုင်ပွဲတုန်းက ရှုံးထွက်(၁၆)သင်းအဆင့်မှာ ဘယ်လ်ဂျီယံကိုရှုံးနိမ့်ခဲ့တဲ့အတွက် ပြိုင်ပွဲကထွက်ခဲ့ရပြီး

စီရော်နယ်လ်ဒိုက လာမယ့် ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုတွေရယူနိုင်ဖို့ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

ပေါ်တူဂီအသင်း ယူရို-၂၀၂၀ ကွာတားဖိုင်နယ်ကနေထွက်ခဲ့ရပေမယ့် စီရော်နယ်လ်ဒိုကတော့ စံချိန်ကောင်းတွေရယူနိုင်ခဲ့ပြီး

ပြင်သစ်ဂန္ထဝင်တိုက်စစ်မှူးပလာတီနီရဲ့ ယူရိုပြိုင်ပွဲတစ်လျှောက် သွင်းဂိုးအများဆုံးစံချိန်ကို ချိုးဖျက်ခဲ့သလို တခြားစံချိန်မှတ်တမ်းကောင်းတွေလည်းပိုင်ဆိုင်ခဲ့ပါတယ်။

Sky Sports ရုပ်သံနဲ့အင်တာဗျူးမှာ နိုင်ငံအသင်းကနေအနားယူမယ့်ကိစ္စနဲ့ပတ်သက်လို့ မေးမြန်းခဲ့တော့ စီရော်နယ်လ်ဒိုက

“ဘာကြောင့် အနားယူရမှာလဲ။ လက်ရွေးစင်အသင်းကနေ အနားယူဖို့ ကျွန်တော့်အတွက် အချိန်မတိုင်သေးဘူးလို့ထင်ပါတယ်။

ကျွန်တော်ကိုယ်တိုင်ကလည်း နိုင်ငံအသင်းကနေ အနားယူဖို့အစီအစဉ်မရှိသေးပါဘူး။

ကျွန်တော်ဟာ အရင်ကလောက် ပြေးအား၊ ဘောလုံးဆွဲပြေးမှု၊ ဂိုးကန်သွင်းချက်တွေ မလုပ်နိုင်တော့ပေမယ့် နိုင်လိုစိတ်ကတော့ ပြင်းထန်နေဆဲဖြစ်ပြီး

အဲဒါကြောင့်ပဲ ကျွန်တော် နိုင်ငံအသင်းအတွက်ဆက်ကစားသွားဦးမှာပါ။

စိတ်ဓာတ်တက်ကြွမှုဆိုတဲ့စကားက အရေးပါတဲ့စကားလုံးဖြစ်ပြီး ဘောလုံးလောကမှာ ဆက်လက်ရှင်သန်ဖို့၊ ပရိသတ်တွေ၊

ကျွန်တော့်မိသားစုနဲ့ ကျွန်တော်ကိုယ်တိုင် ကျေနပ်ဝမ်းမြောက်မှုတွေရအောင် စွမ်းဆောင်ဖို့အတွက် ခွန်အားတစ်ရပ်ပါပဲ။

ခင်ဗျားတို့က ပေါ်တူဂီအသင်းအကြောင်းပဲပြောနေပေမယ့် ချန်ပီယံလိဂ်မှာ ကျွန်တော်က သွင်းဂိုးအများဆုံး၊ ဂိုးဖန်တီးမှုအများဆုံး၊ နိုင်ပွဲအများဆုံးစတဲ့ စံချိန်တွေအကုန်လုံးပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ဒါပေမဲ့ ဘောလုံးကစားရတာကို ကြိုက်နှစ်သက်တာကြောင့် ဘောလုံးလောကထဲမှာ ကျွန်တော် ဆက်လက်ရပ်တည်သွားဦးမှာပါ။

ပရိသတ်တွေပျော်ရွှင်အောင် စွမ်းဆောင်ပြရတာကို ကျွန်တော်ကြိုက်နှစ်သက်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi





