ဒီရော့စီနဲ့အတူ နိုင်ပွဲဆက်လာတဲ့ အခြေအနေကြောင့် မော်ရင်ဟိုကို ရိုးမားရဲ့ ဒဏ္ဍာရီထဲမှာ ချန်ထားခဲ့တော့မှာလား…

‘‘ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်က တိုးတက်လာပြီလားဆိုတော့ ကျွန်တော် ပြောခဲ့သလိုပဲ။

ကျွန်တော် ပျော်နေတယ်။ ကျွန်တော့်ရဲ့ အကောင်းဆုံးပုံစံကိုလည်း ပြန်ရလာနေပြီ။

အသင်းကို ကူညီပေးနိုင်ဖို့အတွက် ကျွန်တော် တိုးတက်လာဖို့ကို နေ့တိုင်း ကြိုးစားနေ တယ်။

ကျွန်တော်တို့ အကုန်လုံး ဒါကို ကောင်းကောင်း လုပ်နေကြတယ်လို့ ထင်ပါတယ်’’ လို့

မွန်ဇာကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပြောခဲ့တဲ့သူက ရိုးမား ကွင်းလယ်လူ လီယိုနာဒို ပါရီဒက်စ်ပါ။

ဟုတ်ပါတယ်။ သူပြောတဲ့အတိုင်းပါပဲ။ လက်ရှိ ရိုးမား ကစားသမားတွေဖြစ် ကြတဲ့ ဒီဘာလာ၊

ပယ်လီဂရီနီ၊ မန်ချီနီ၊ ခရစ္စတန်တီတို့အပြင် ဂျင်းမည်းလို့ အခေါ်ခံရတဲ့

လူကာကူတောင်မှပဲ စီးရီးအေမှာ ထိပ်တန်းခြေစွမ်းကို ရနေတာပါ။

ဒါဟာ နည်းပြဟောင်း မော်ရင်ဟိုလက်ထက်ကနဲ့ မတူတော့တဲ့ ရိုးမားရဲ့ အရောင်ထွက်လာမှုတွေ ဖြစ်ပါတယ်။

ပေါ်တူဂီသားနည်းပြ ထွက်သွားတဲ့အချိန်မှာ ရိုးမားဟာ စီးရီးအေ အမှတ်ပေးဇယားရဲ့

အဆင့် ၉ နေရာမှာပဲ ရှိနေပေမဲ့ ဒီရော့စီကို နေရာပေးလိုက်တဲ့အချိန်မှာတော့ ရောမကလပ် ဟာ အရောင်ထွက်လာတယ်။

အီတလီသားလက်ထက် ရိုးမားဟာ ၇ ပွဲ ကစားပြီးချိန်မှာ အဆင့် ၅ နေရာကို ပြန်ရောက်လာပြီး

အဆင့် ၄ နေရာက ဘိုလော့နာနဲ့ ၄ မှတ်ပဲ ကွာပါ တော့တယ်။

အခုနောက်ပိုင်း ရိုးမား ကစားတဲ့ပွဲတွေကို ကြည့်လိုက်ရင် ပယ်လီဂရီနီ၊

ခရစ္စတန်တီတု့ိရဲ့ လုပ်အားနှုန်း အမြင့်တွေကို တွေ့ရသလို ဒီဘာလာရဲ့ ဂိုးသွင်းတိကျမှု ကိုလည်း အထင်းသား မြင်ရမှာပါ။

ဒါ့အပြင် လူကာကူရဲ့ နေရာယူပုံ၊ တိုက်စစ်ပိုင်းမှာ ဒီဘာလာ၊ ပယ်လီဂရီတို့နဲ့ ချိတ်ပြီး ကစားပုံ၊

ရှေ့တန်းမှာဘောလုံးရပြီး ဆက်တိုးဖို့ နေရာ လွတ်မရှိတဲ့အခါ တိုက်စစ်ကို ဖြန့်ထုတ်ပစ်ပုံနဲ့

ဘောလုံး ပြန်ခင်းပေးတဲ့ပုံတွေဟာ ဘယ်လ် ဂျီယံသားရဲ့ အသွေးအရောင်ကို ပိုပြီး တောက်တောက်ပြောင်ပြောင် ဖြစ်လာစေတာပါ။

ဒါကြောင့် ရောမကလပ်ဟာ လာမယ့် ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်း ဖြစ်လာနေပါပြီ။

အချုပ်ပြောရရင်တော့ မော်ရင်ဟို ခေတ်အလွန် ဒီရော့စီ လက်ထက်မှာ အရောင်တလက်လက် ဖြစ်လာတဲ့ ရိုးမားဟာ

ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ ဘယ်လောက်အထိ အမြင့်ပျံနိုင်မလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရပါတော့မယ်။