ဒီနှစ် ချန်ပီယံလိဂ်က ပီအက်စ်ဂျီအတွက်ပဲလို့ ကြုံးဝါးလိုက်တဲ့ နေမာ

ပီအက်စ်ဂျီ တိုက်စစ်ကစားသမား နေမာက ယခုနှစ် ချန်ပီယံလိဂ်ဟာ ပီအက်စ်ဂျီအတွက်ပဲ ဖြစ်လာမယ်လို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်လိဂ်မှာ အချိန်အတန်ကြာ စိုးမိုးထားနိုင်ခဲ့ပြီးနောက် ဥရောပမှာ အောင်မြင်မှုရဖို့ ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။

၂၀၁၁ခုနှစ်မှာ ကာတာ Sportက ဝယ်ယူခဲ့ပြီးနောက် ပီအက်စ်ဂျီတို့ ငွေကြေးအင်အားတော့တင်းလာခဲ့ပြီး နေမာတို့လို ကမ္ဘာကျော်ကစားသမားတွေကို ခေါ်ယူထားနိုင်ခဲ့ပါတယ်။ အသင်းရဲ့ လူစာရင်းက ကမ္ဘာကျော်ကစားသမားတွေနဲ့ ပြည့်နှက်နေပေမဲ့ အဖိုးတန် ဆုဖလားတွေကိုတော့ ပီအက်စ်ဂျီတို့ လက်လွှတ်နေရဆဲ ဖြစ်ပါတယ်။

၂၀၂၀မှာ အဆိုပါ မှတ်တမ်းဆိုးတွေကို ပယ်ဖျက်နိုင်မလားဆိုတဲ့ မေးခွန်းကို နေမာက “ကျွန်တော့်အမြင်အရတော့ ဒါက ဖြစ်နိုင်ပါတယ်။ ကျွန်တော် ပီအက်စ်ဂျီမှာ ကစားခဲ့တဲ့ တစ်လျောက် ဒီနှစ်လူစာရင်းက အတောင့်တင်းဆုံးပါပဲ။ ဒါကြောင့် ကျွန်တော်တို့မှာ အခွင့်အရေးရှိတယ်လို့ ထင်ပါတယ်။ ချန်ပီယံလိဂ်ကို ပီအက်စ်ဂျီ ၁ခါမှ မရဘူးပေမဲ့ ကျွန်တော်တို့ ဒီဆုဖလားအတွက် အစွမ်းကုန် တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အရည်အသွေးတွေနဲ့ဆိုရင် ဗိုလ်လုပွဲတက်ရောက်နိုင်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။

နေမာဟာ ဘာစီလိုနာအသင်းနဲ့အတူ ၂၀၁၅ခုနှစ်မှာ ချန်ပီယံလိဂ် ရရှိခဲ့ပေမဲ့ ပီအက်စ်ဂျီမှာတော့ ဒဏ်ရာ ပြဿနာတွေနဲ့သာ ရုန်းကန်နေခဲ့ရပါတယ်။

အဆိုပါ ဒဏ်ရာ ပြဿနာတွေနဲ့ ပတ်သက်ပြီး နေမာက “ရိုးရိုးသားသား ပြောရရင် ၂၀၁၉က ကျွန်တော့်အတွက် ခက်ခဲခဲ့ပါတယ်။ အဲ့ဒီနှစ်က အလှည့်အပြောင်းတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ကျွန်တော် ဒဏ်ရာရပြီးရင်းရနေခဲ့တာပါ။ အဲ့ဒီနှစ်မှာ ခက်ခဲခဲ့ပေမဲ့ အတွေ့အကြုံကောင်းတွေနဲ့ သင်ခန်းစာတွေ အများကြီးရခဲ့လို့ အဲ့ဒါတွေကို အကောင်းဘက်က တွေးပြီး ၂၀၂၀မှာ အကောင်းဆုံး ပြန်လာနိုင်ဖို့ ကြိုးစားသွားမှာပါ”လို့ ပြောသွားခဲ့ပါတယ်။