တစ်ကိုယ်တော်အစွမ်းနဲ့ ဂိုးသွင်းခဲ့တဲ့ ဗက်ဟော့တ်ကို ပြန်ခေါ်ဖို့ ယူနိုက်တက်ပရိသတ်တွေ တောင်းဆိုနေ . .

နယ်သာလန်ဝါရင့်တိုက်စစ်မှူးဗက်ဟော့တ်ဟာ အိုင်ယာလန်နဲ့ပွဲမှာ

လှလှပပဂိုးသွင်းပြီး သူ့အသင်းဟောင်း မန်ချက်စတာယူနိုက်တက်

အသင်းတိုက်စစ်မှာ သူ့လို တိုက်စစ်မှူးမျိုး လိုအပ်နေတယ်ဆိုတာ

သက်သေပြလိုက်ပါတယ်။ အိုင်ယာလန်ကို ၁-၀ ဂိုးနဲ့အနိုင်ရတဲ့

ယူရိုခြေစစ်ပွဲမှာ ဗက်ဟော့တ်က ဒီဗားဂျ် ခင်းပေးလိုက်တဲ့ဘောလုံးကို

ကွင်းလယ်ကနေ တောက်လျှောက်ဆွဲပြေးပြီး အိုင်ယာလန်နောက်ခံလူ

နာသန်ကောလင်းစ်က တားဆီးဖို့ကြိုးစားပေမဲ့ ဗက်ဟော့တ်ဟာ

သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အသုံးချပြီးတော့ ပယ်နယ်တီဧရိယာထဲ

ဆွဲပြေးကန်သွင်းခဲ့တာဖြစ်ပါတယ်။ ဗက်ဟော့တ်ရဲ့တစ်လုံးတည်းသော

ဂိုးနဲ့ နယ်သာလန်တို့ ယူရို-၂၀၂၄ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်သွားပြီး

ဗက်ဟော့တ်ဟာ ယူရိုခြေစစ်ပွဲတစ်လျှောက် စုစုပေါင်း ၃ ဂိုးသွင်းယူခဲ့ပါတယ်။

အခုဂိုးက ဗက်ဟော့တ်အတွက် နယ်သာလန်ကစားသမားဘ၀ ၂၈ ပွဲကစား၊

၈ ဂိုးမြောက်ဖြစ်သလို လက်ရွေးစင်အသင်းနဲ့ကလပ်အသင်း နောက်ဆုံး

၅ ပွဲမှာ ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်သူ

ဗက်ဟော့တ်ဟာ ဒီရာသီအစက ဘန်လေကနေ ဟော်ဖန်ဟင်မ်အသင်းကို

အငှားနဲ့ပြောင်းရွှေ့ခဲ့ပြီး ၁၁ ပွဲကစား ၃ ဂိုးသွင်းယူခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဗက်ဟော့တ်ဟာ ယူနိုက်တက်အသင်းမှာ တစ်ရာသီ

အငှားနဲ့လာကစားခဲ့ပြီး လိဂ်ဖလားချန်ပီယံဖြစ်ခဲ့ပေမဲ့ ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။

ယူနိုက်တက်အတွက် ဗက်ဟော့တ်က ပြိုင်ပွဲစုံ ၃၁ ပွဲကစား၊ ၂ ဂိုးသာ

သွင်းယူခဲ့သလို ပရီးမီးယားလိဂ် ၁၇ ပွဲမှာ သွင်းဂိုးဈေးဦးမပေါက်ဘဲ

အခြေအနေဆိုးခဲ့ပါတယ်။ အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ

ရာသီကုန်မှာ ဗက်ဟော့တ်ကို အပြီးသတ်စာချုပ်မချုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး

ဘန်လေအသင်းဆီ ပြန်လွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီရာသီမှာ ယူနိုက်တက်

အသင်းတိုက်စစ်က စိတ်ပျက်စရာ ရုန်းကန်နေရပြီး ယူနိုက်တက်

တိုက်စစ်ကစားသမားတွေရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးက ၁ ဂိုးသာ

ရှိသေးတာကြောင့် ဝေဖန်သံတွေထွက်ပေါ်နေပါတယ်။

အခု ဗက်ဟော့တ်က နယ်သာလန်အသင်းအတွက် ခြေစွမ်းပြ

ဂိုးသွင်းယူခဲ့တဲ့အတွက် ယူနိုက်တက်ပရိသတ်တွေက ဗက်ဟော့တ်ကို

ပြန်ခေါ်ဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။ ယူနိုက်တက်ပရိသတ်တွေက

‘အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့တုန်းက ဘာဖြစ်လို့ ဒီလိုမျိုးခြေစွမ်းမပြရတာလဲကွာ . .’၊

‘ဗက်ဟော့တ်ကို ယူနိုက်တက်အသင်းဆီ ပြန်ခေါ်သင့်ပါတယ် . .’၊

‘ဗက်ဟော့တ်ကြီးရဲ့ အံ့မခမ်းစွမ်းဆောင်ရည်ပါပဲ . .’လို့ ရေးသားခဲ့ပါတယ်။