ဆာနေးဘက် အာရုံစိုက်သွားတဲ့ ဘိုင်ယန်ကြောင့် ပရီးမီးယားလိဂ်ကိုသာ ရောက်လာနိုင်တဲ့ ကိုင်ဟာဗက်ဇ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဘိုင်ယန်မြူးနစ်အသင်း နှုတ်ထွက်သွားခဲ့တာကြောင့် လေဗာကူဆင် ကွင်းလယ်လူ ကိုင်ဟာဗက်ဇ်ဟာ ပရီးမီးယားလိဂ်ကိုသာ ရောက်လာနိုင်တော့မယ်လို့ သိရပါတယ်။ ဘွန်ဒက်စ်လီဂါ ၈နှစ်ဆက်ရ ဘိုင်ယန်မြူးနစ်ဟာ ဟာဗက်ဇ်ရဲ့ တန်ကြေး ပေါင် သန်း၇၀ကို ပေးချေလိုခြင်း မရှိပဲ ဆာနေးဘက်ကို အာရုံစိုက်နေတယ်လို့ ဆိုပါတယ်။


ဒါပေမဲ့ Sportbildရဲ့ အဆိုအရ ဘိုင်ယန်ဟာ ၂၁နှစ်သားကို စိတ်ဝင်စားနေဆဲဖြစ်ပြီး ၂၀၂၁ခုနှစ်မှာ ဆွေးနွေးလာနိုင်သေးတယ်လို့ သိရပါတယ်။ ဘိုင်ယန်တို့ နှုတ်ထွက်သွားခဲ့တာကြောင့် ဟာဗက်ဇ်ကို ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့သာ လွတ်လွတ်ကျွတ်ကျွတ် ခေါ်ယူခွင့်ရတော့မှာ ဖြစ်ပါတယ်။


ဂျာမန်သားဟာ ယခုနှစ်ရာသီမှာ အသင်းအတွက် ၃၉ပွဲကစားပြီး ၁၅ဂိုး သွင်းယူထားခဲ့ကာ မေလကုန် ဘွန်ဒက်စ်လီဂါ ပြန်စကတည်းက အကောင်းဆုံးခြေစွမ်း ရနေပါတယ်။


ဘွန်ဒက်စ်လီဂါ ပြန်စပြီးနောက် ဟာဗက်ဇ်ဟာ အသင်းအတွက် ၅ပွဲကစားကာ ၅ဂိုး သွင်းထားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က Daily Mailရဲ့ ဖော်ပြချက်အရလည်း ချဲလ်ဆီးအသင်းဟာ ဟာဗက်ဇ်ကို ကမ်းလှမ်းဖို့ ပြင်ဆင်နေတဲ့အကြောင်း သိထားရပါတယ်။


ဆာနေးဟာ ဘိုင်ယန်အတွက် ကာလရှည်ပစ်မှတ် တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီက အရွတ်ကြောဒဏ်ရာကြောင့် ကာလရှည် မနားခင်မှာ ဂျာမန်ကို ပြန်ဖို့ နီးစပ်ခဲ့ပါတယ်။ ၂၄နှစ်သားဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့ပေမဲ့ မန်စီးတီးတို့ သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေဟာ အောင်မြင်ခြင်း မရှိသေးပါဘူး။