
ဟောလိဝုဒ်လို့ အသံကြားလိုက်ရင် ကမ္ဘာကျော် ရုပ်ရှင်အနုပညာရှင်တွေ စုဝေးတဲ့ နေရာလို့ စိတ်ထဲမှာ ချက်ချင်း ပေါ်လာသလို ရုပ်ရှင် ဇာတ်ကား တစ်ခုကို အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ ချီပြီး အမြတ်ငွေရအောင် စွမ်း ဆောင်တဲ့ ရုပ်ရှင် စက်မှုဇုန်ကြီးဆိုတာ အားလုံး သိကြမှာပါ။ အဲဒီ စက်မှုဇုန် ကြီးထဲမှာ လည်ပတ်နေတဲ့ လုပ်သားတွေကိုတော့ စူပါစတားတွေလို့ ပရိသတ်တွေက ခေါ်ကြပါတယ်။
အဲဒီ စူပါစတားတွေကို ရုပ်ရှင်ချစ် ပရိသတ် အများစုကတော့ ရောင်စုံပိတ်ကားပေါ်မှာပဲ မြင်ဖူးကြပြီး မျက်နှာချင်းဆိုင် မြင်ဖူးဖို့ကတော့ တော်တော်လေးကို အကြောင်းကံ ကောင်းပါမှ ရမယ့် အနေအထားပါ။ ဒါပေမဲ့ လက်ရှိမှာတော့ အဲဒီစူပါစတားတွေကပြန်ပြီး တခုတ်တရနဲ့ သွားကြည့်နေရတဲ့ စူပါစတား တစ်ယောက်ကတော့ ဘောလုံးကမ္ဘာမှာ ရှိလာခဲ့ပြီဖြစ်ပါတယ်။
သူကတော့ တခြား ဘယ်သူရှိရဦးမလဲဗျာ။ လက်ရှိ ကမ္ဘာ့ဖလား ပိုင်ရှင်ဖြစ်တဲ့ လီယွန်နယ် မက်ဆီပေါ့။ မက်ဆီဟာ လက်ရှိဘောလုံးရာသီ မေဂျာလိဂ်ပြိုင်ပွဲမှာ အသက် အရွယ်နဲ့ မလိုက်အောင် ဂိုးတွေ ဆက်တိုက်ဆိုသလို သွင်းပြနေတယ်။ ပီအက်စ်ဂျီ တိုက်စစ်မှူးဟောင်းဟာ နောက်ဆုံးကစားခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်ဖြစ်တဲ့ လော့စ်အိန်ဂျလိစ်နဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမဲ့ ရှေ့အရင် ကစားခဲ့တဲ့ ပွဲတွေတော်တော်များများမှာ ဂိုးတွေတရစပ် သွင်းပြခဲ့သူပါ။
ဒါကြောင့် မက်ဆီဟာ ဘောလုံးမှာ မှော်အစွမ်းတွေကို နောက်ထပ် ဘယ်လို ပုံဖော်ထုဆစ်ပြမယ်ဆိုတာကို ကမ္ဘာကျော် စူပါစတားတော်တော်များများ စိတ်ဝင်စားနေပြီး ပြီးခဲ့တဲ့ လော့စ်အိန်ဂျလိစ်နဲ့ပွဲမှာ ဘာကာ တိုက်စစ်မှူးဟောင်းကို အထင်ကရ လူပုဂ္ဂိုလ် ၄၀ ကျော်လောက်က လာကြည့်ခဲ့ကြပါတယ်။
အဲဒီ စူပါစတား တွေထဲမှာ အော်စကာဆုရတဲ့ Titanic မင်းသား လီယိုနာဒို၊ Spider Man မင်းသား တွမ်ဟော်လန်နဲ့အတူ Behind Enemy Line ရုပ်ရှင်နဲ့ ကမ္ဘာ့ရုပ်ရှင် ပရိသတ်ကို ပတ်သိမ်းခဲ့သူ ဟောလိဝုဒ်ကြယ်ပွင့် အိုဝင်ဝီလ်ဆင်လည်း ပါဝင်ခဲ့ပါတယ်။
အဲဒီ အမေရိကန် သရုပ်ဆောင် ကြယ်ပွင့်ဟာ ပွဲအပြီးမှာဆိုရင် မက်ဆီကို ကိုယ်တိုင်ကိုယ်ကျ သွားပြီး နှုတ်ခွန်းဆက်စကား ပြောခဲ့တာတောင် ရှိပါတယ်။
မက်ဆီကို လာပြီးအားပေးတဲ့အထဲမှာ ပုရိသတွေရဲ့ အသည်းကျော် နှုတ်ခမ်းနီမလေး ဆလီနာဂိုမက်ဇ်ကိုလည်း တွေ့ခဲ့ရပြီး အထူးတန်းပွဲကြည့် စင်ရဲ့ VIP ခုံတန်းလျားမှာတော့ ဗြိတိန်ရဲ့ တော်ဝင်မျိုးနွယ်ဖြစ်တဲ့ မင်းသား ဟယ်ရီကိုလည်း တွေ့ခဲ့ရပါတယ်။
အဲဒီမတိုင်ခင်မှာဆိုရင်လည်း အမေရိကန် ဝါရင့်သရုပ်ဆောင် ဂျူလီယာ ရောဘတ်စ်အပါအဝင် ရုပ်ရှင်၊ ဂီတ အနုပညာ နယ်ပယ်က ကမ္ဘာကျော် အနုပညာရှင်တွေ မက်ဆီကို လာပြီး အား ပေးခဲ့ကြတာရှိပါတယ်။ ဒီအတွက် မက်ဆီဟာ အမေရိကန် မေဂျာလိဂ်ကို ရောက်လာပြီးတဲ့နောက်မှာ စူပါစတားတွေကနေ ပြန်ပြီး တခုတ်တရ စောင့် ကြည့်ရတဲ့ စူပါစတား ဖြစ်နေပြီလို့ မှတ်ချက်ပြုရမှာ ဖြစ်ပါတော့တယ်။