စာချုပ်သက်တမ်း ၁၈လသာ ကျန်တော့တဲ့ ဝစ်ချ်နယ်ဒန်ကို ရာသီကုန်မှာ လက်လွှတ်ရဖွယ်ရှိနေတဲ့ လီဗာပူး

လီဗာပူးကွင်းလယ်လူ ဝစ်ချ်နယ်ဒန်ဟာ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိလာတာကြောင့် ရာသီကုန်မှာ အသင်းကနေ ထွက်ခွာသွားနိုင်တယ်လို့ သိရပါတယ်။ လီဗာပူးအသင်းဟာ အသင်းရဲ့ အဓိက ကစားသမား တော်တော်များများကို စာချုပ်သက်တမ်း တိုးထားခဲ့ပေမဲ့ ဝစ်ချ်နယ်ဒန်ရဲ့ အနာဂတ်ကတော မရေရာသေးပါဘူး။

၂၀၂၁ခုနှစ်ကို ရောက်ရှိခဲ့မယ်ဆိုရင်တော့ ဝစ်ချ်နယ်ဒန်အနေနဲ့ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်တော့မှာဖြစ်ပြီး ရာသီကုန်မှာ နယ်သာလန်သားကို ရောင်းချခြင်းအပါအဝင် ရွေးချယ်မှုများစွာ လီဗာပူးတို့ ပြုလုပ်ဖို့ ရှိနေပါတယ်။ The Athleticရဲ့ ဖော်ပြချက်အရတော့ လီဗာပူးအသင်းဟာ နယ်သာလန်ကွင်းလယ်လူအတွက် မြင့်မားတဲ့လစာနဲ့ စာချုပ်သက်တမ်းဖို့ ကြိုးစားနေပေမဲ့ စာချုပ်သက်တမ်းမကုန်အထိလည်း ဆက်လက်ထားရှိဖို့အတွက် ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

အဆိုပါသတင်းအရ လီဗာပူးအသင်းဟာ ၂၀၁၆ခုနှစ်က နယူးကာဆယ်ကနေ ခေါ်ယူခဲ့တဲ့ ပြောင်းရွှေ့ကြေး ပေါင် ၂၅သန်းဟာ တန်တယ်လို့ မှတ်ယူထားပြီး ကွင်းလယ်လူကို အလွတ်နဲ့ ပြောင်းရွှေ့ခွင့်ပေးဖို့လည်း ပြဿနာမရှိဘူးလို့ သိရပါတယ်။ လီဗာပူးအသင်းအတွက် နောက်ထပ်ရွေးချယ်စရာကတော့ လာမယ့် နွေရာသီမှာ ဝစ်ချယ်နယ်ဒန်ကို ရောင်းချပြီး ပြောင်းရွှေ့ကြေးများစွာ ရယူလိုက်ဖို့ပဲ ဖြစ်ပါတယ်။

ဝစ်ချ်နယ်ဒန်ရဲ့ ခြေစွမ်းကို အီတလီနဲ့ စပိန်အသင်းတွေက အထူးကြိုက်နှစ်သက်နေကြသလို ပရီးမီးယားလိဂ်ကလပ်တွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

နောက်ထပ်သတင်းတွေအရ လီဗာပူးအသင်းဟာ အောင်မြင်နေတဲ့ အပြောင်းအရွှေ့ မူဝါဒအရ ပြောင်းရွှေ့ကြေးမြင့်မားတဲ့ ကစားသမားတွေကို ခေါ်ယူသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ယခင်က ဗန်ဒိုက်နဲ့ အလီဆင်တို့ကို ဈေးကြီးပေးပြီး ခေါ်ခဲ့ပေမဲ့ ယခုအချိန်မှာတော့ အဲ့ဒီလောက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကစားသမားတွေကို ခေါ်ယူမှာမဟုတ်ဘူးလို့ တာဝန်ရှိသူတွေက ဆုံးဖြတ်ထားကြပါတယ်။