
စပိန်နဲ့ဘာစီလိုနာ လူငယ်ကြယ်ပွင့်ကွင်းလယ်လူ ဂါဗီဟာ ဂျော်ဂျီယာနဲ့
ယူရို-၂၀၂၄ ခြေစစ်ပွဲမှာ ဒူးဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး
ရာသီကုန်အထိ အနားယူရဖို့ရှိတယ်လို့ သတင်းထွက်နေပါတယ်။
ဂျော်ဂျီယာကို ၃-၁ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ ဂါဗီဟာ ပြိုင်ဘက်တစ်ယောက်နဲ့မှ
မထိဘဲ သူ့ဘာသာ ဘောလုံးထိန်းဖို့ကြိုးစားရင်း ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး
ပွဲဆက်ကစားဖို့ ကြိုးစားပေမဲ့ ဘယ်လိုမှ မဖြစ်နိုင်တော့တာကြောင့်
ပွဲချိန် ၂၆ မိနစ်မှာပဲ အိုအီဟန်ဆန်ဆက်နဲ့ လူစားလဲခံခဲ့ရပါတယ်။
ကွင်းထဲကနေ ထွက်လာချိန်မှာ ဂါဗီဟာ ဝမ်းနည်းတကြီးငိုခဲ့ပြီး
အဲဒီမြင်ကွင်းအရ သူ့ဒဏ်ရာက အခြေအနေ သိပ်မကောင်းနိုင်ပါဘူး။
နာမည်ကျော် ဂျာနယ်လစ်ဖြစ်သူ ဖာဘရစ်ဇီယိုရိုမာနိုက ဂါဗီရဲ့
ဒဏ်ရာအနေအထားကို စမ်းသပ်စစ်ဆေးမှုတွေ ဆက်လက်
လုပ်ဆောင်သွားမှာဖြစ်ပြီး ဂါဗီအနေနဲ့ ၇ လကနေ ၉ လအထိ
အနားယူရဖို့ရှိတယ်လို့ သုံးသပ်ခဲ့ပါတယ်။ ဒါ့အပြင် စပိန်ဘောလုံး
အဖွဲ့ချုပ်ကလည်း ဂါဗီရဲ့ဒဏ်ရာ အခြေအနေဆိုးရွားတယ်လို့
အတည်ပြုခဲ့ပြီး ‘ဂါဗီဟာ ညာဘက်ဒူးမှာ ပြင်းပြင်းထန်ထန်
ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လောက်အထိ အခြေအနေဆိုးလဲ
ဆိုတာတော့ စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့အထိ
စောင့်ကြည့်ရမှာပါ’ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ စပိန်မီဒီယာတွေကတော့
ဂါဗီရဲ့ဒူးအတွင်းပိုင်းအရွတ်စုတ်ပြဲသွားတာဖြစ်ပြီး ရာသီကုန်အထိ
အနားယူရမှာဖြစ်တယ်လို့ ဖော်ပြနေကြပါတယ်။
ဂျော်ဂျီယာနဲ့ပွဲမှာ ဖာရန်တောရက်စ်က ဒုတိယဂိုးသွင်းယူအပြီးမှာ
အသင်းဖော် ဂါဗီရဲ့ကျောနံပါတ် ၉ ဂျာစီကို,ကိုင်မြှောက်ပြီးတော့
ဂါဗီအတွက် စိတ်ဓာတ်ခွန်အားဖြစ်အောင် အားပေးခဲ့ပါတယ်။
ဂါဗီဟာ ဥရောပစံတော်ချိန် မနက် ၃ နာရီလောက်မှာ ဘာစီလိုနာကို
ပြန်ရောက်လာပြီး ချိုင်းထောက်ကို အသုံးပြုသွားလာနေရသလို
မကြာခင်ရက်ပိုင်းအတွင်း ဒဏ်ရာခွဲစိတ်ကုသမှုခံယူသွားမှာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းကတော့ အဓိကကွင်းလယ်လူ ဂါဗီ ဒဏ်ရာ
ရသွားတဲ့အပေါ် ဒေါသပေါက်ကွဲနေပြီး စပိန်အသင်းဟာ
ယူရိုခြေစစ်ပွဲအောင်ပြီးသားဖြစ်တာကြောင့် အရေးမပါတဲ့
ဂျော်ဂျီယာနဲ့ပွဲမှာ ဘာဖြစ်လို့ ဂါဗီကို ပွဲထွက်ကစားစေရတာလဲဆိုတာ
နားမလည်နိုင်အောင်ဖြစ်နေပါတယ်။ အသက် ၁၉ နှစ်သာရှိသေးသူ
ဂါဗီဟာ ဘာစီလိုနာစီနီယာအသင်းအတွက် ပွဲဦးထွက်ခွင့်ရခဲ့တဲ့
၂၀၂၁ ခုနှစ်ကတည်းက အဓိက,ကစားသမားအဖြစ် ပါဝင်ကစားခွင့်
ရရှိနေပြီး ၂ ရာသီကျော်အတွင်းမှာပဲ ပွဲပေါင်း ၁၁၁ ပွဲအထိ ကစားခဲ့ရပါတယ်။
ဒီရာသီမှာလည်း ဂါဗီက ဘာစီလိုနာအတွက် မိနစ်ပေါင်း ၉၉၉ မိနစ်အထိ
ကစားခဲ့ပြီး ဒုတိယမြောက် မိနစ်အများဆုံးကစားခဲ့ရတဲ့ ကစားသမားအဖြစ်
ရပ်တည်နေပါတယ်။ အခုလောလောဆယ် ဘာစီလိုနာအသင်းမှာ
ဒီယွန်း၊ ပတ်ဒရီတို့ ဒဏ်ရာရနေချိန်မှာ ဂါဗီကလည်း ဒဏ်ရာကြောင့်
ကာလရှည်အနားယူရတော့မှာဖြစ်လို့ ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာပါပြီ။
ဒါ့အပြင် ယူရို-၂၀၂၄ ပြိုင်ပွဲက လာမဲ့နှစ်၊ ဇွန်လကျရင် ကျင်းပမှာဖြစ်တဲ့အတွက်
ဂါဗီတစ်ယောက် ယူရိုပြိုင်ပွဲနဲ့လွဲချော်မှာကို စပိန်ပရိသတ်တွေ စိုးရိမ်တကြီးဖြစ်နေကြပါတယ်။