ဂိုးတွေဆက်တိုက်သွင်းနေတဲ့ ရော်နယ်ဒိုကို သူများနဲ့မတူ စကားလုံးအသုံးအနှုံးလှလှလေးနဲ့ ချီးကျူးခဲ့တဲ့ ဆာရီ

ဂျူဗင်တပ်စ်နည်းပြ ဆာရီက ၂၀၂၀မှာ ဂိုးတွေ တဒိုင်းဒိုင်းသွင်းနေတဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကို မချီးကျူးပဲ ဒီလို စပယ်ရှယ် လူသားကို မွေးထုတ်ပေးခဲ့တဲ့ မာတာ မိခင်ကို ကျေးဇူးတင်သင့်တယ်လို့ အသုံးအနှုန်းလှလှလေးနဲ့ ချီးကျူးခဲ့ပါတယ်။ ယမန်နေ့ညက ရိုးမားနဲ့ ကိုပါအီတာလီယာပွဲစဉ်မှာလည်း ရော်နယ်းတစ်ယောက် ပါဝင်ကစားခဲ့ပြီး သွင်းဂိုး၁ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။

ဒါကြောင့် ရော်နယ်ဒိုဟာ ၂၀၂၀မှာ ကစားခဲ့တဲ့ နောက်ဆုံး ၄ပွဲမှာ ၇ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီဖြစ်ပြီး ဂိုးတွေ ပြန်လည်သွင်းယူနိုင်ခဲ့ပြီဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။ ယခုနှစ်ဘောလုံးရာသီမှာ ၁၉ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုရဲ့ မိခင်ကို ကျေးဇူးတင်သင့်ကြောင်း ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဆာရီက “လက်ရှိ သူ့ရဲ့ ကစားပုံအတွက် သူ့လို လူသားမျိုးကို မွေးထုတ်ပေးခဲ့တဲ့ မိခင်ဖြစ်သူကို အမှတ်ပေးသင့်ပါတယ်။ ရော်နယ်ဒိုက ကြံ့ခိုင်မှုပိုင်းအရရော စိတ်ဓာတ်ပိုင်းမရပါ တကယ်ကို သူမတူတဲ့ ကစားသမားဖြစ်ပြီး ခြေစွမ်းတည်ငြိမ်မှုကိုလည်း ပြသထားနိုင်ခဲ့ပါတယ်။ တစ်ဦးချင်းအခြေအနေဆိုရင် သူ ဘယ်နေရာမှာ တိုးတက်လာမလဲ ကျွန်တော်လည်း မသိနိုင်ပါဘူး”လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ဆာရီက “ကျွန်တော်တို့ ပထမပိုင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းအစမှာတော့ ခြေစွမ်းအနည်းငယ် ကျဆင်းခဲ့ပါတယ်။ သို့ပေမဲ့ ပွဲချိန်ကြာလာတော့ သူတို့ကို ပြန်လည် စိုးမိုးထားနိုင်ခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် နာပိုလီကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် ဆာရီတစ်ယောက် အသင်းဟောင်းနဲ့ ပြန်ဆုံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆာရီက လာမယ့်ပွဲဟာ သူ့အတွက်တော့ ပုံမှန်မဟုတ်ပဲ ထူးခြားတဲ့ ပွဲတစ်ပွဲဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။