ချဲလ်ဆီးရဲ့ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့ပေမယ့် ချဲလ်ဆီးနည်းပြဘ၀မှာဂိုးရဖို့ခက်နေတဲ့လမ်းပတ်

photo-gettyimages

photo-gettyimages

ဖရန့်လမ်းပတ်ဟာ ချဲလ်ဆီးကစားသမားတစ်ယောက်အဖြစ် ရှိနေစဉ်ခဲ့တုန်းက သွင်းဂိုးတွေအတွက် ဘယ်တုန်းကမှ အရမ်းကြီးစိုးရိမ်ပူပန်ရတာ မရှိခဲ့ပါဘူး။ ကွင်းလယ်လူဆိုပေမယ့်လည်း ချဲလ်ဆီးအသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူအဖြစ် လေးစားဖွယ်စံချိန်တောင် တင်နိုင်ခဲ့သေးတာပါ။ ဒါပေမဲ့လည်း ချဲလ်ဆီးနည်းပြဘ၀ ပရီးမီးယားလိဂ်မှာ ဂိုးရရေးဟာ လမ်းပတ်အတွက် ပြသနာတစ်ရပ်ဖြစ်လာခဲ့ပါတယ်။

photo-gettyimages

ဒါဟာ သူဖန်တီးတဲ့ပြသနာလည်း မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရာသီကတည်းက ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်အသင်းကြီး ၆ သင်းထဲမှာ သွင်းဂိုးအနည်းဆုံးအသင်းဖြစ်ခဲ့တာပါ။ ဒါ့အပြင် ဆာရီနေရာ သူမဆက်ခံခင်မှာပဲ သွင်းဂိုးရော ဂိုးဖန်တီးမှုမှာပါ အဓိကအားကိုးနေရတဲ့ဟာဇတ်ဟာ ရီးရဲလ်ကို ထွက်ခွာသွားပါတယ်။ နောက်ပြီး အပြောင်းအရွှေ့ပိတ်ပင်ခြင်းခံထားရပြီး ပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်မှာ ချဲလ်ဆီးရဲ့တတိယဂိုးအများဆုံးသွင်းသူဖြစ်ခဲ့တဲ့ လော့ဖ်တက်ချိခ်နဲ့ အိုဒွိုင်းတို့ကလည်း ဒဏ်ရာရနေကြပါတယ်။ ဒါကြောင့် လမ်းပတ်အနေနဲ့ အားနည်းလှတဲ့တိုက်စစ်ပိုင်းနဲ့ ရာသီသစ်ကို စတင်ခဲ့ရတာပါ။

photo-gettyimages

ဒါဟာ ပထမဆုံးပရီးမီးယားလိဂ် ၂ ပွဲမှာ အရမ်းကို သိသာသွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ချဲလ်ဆီးဟာ မန်ယူနဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲကတည်းက ရလာတဲ့အခွင့်အရေးတွေကို အသုံးချနိုင်ခြင်းမရှိခဲ့လို့ ပေးဆပ်မှုကြီးမားခဲ့တယ်။ လက်စတာနဲ့ပရီးမီးယားလိဂ်ဒုတိယပွဲစဉ်မှာလည်း ချဲလ်ဆီးဟာ ဦးဆောင်ဂိုးရခဲ့ပေမယ့် အဲဒီနောက်ပိုင်းကစားပုံပျက်သွားပြီး ပြန်လည်ချေပခြင်းခံခဲ့ရကာ ကံကောင်းလို့တောင် အနိုင်ဂိုးမပေးခဲ့ရတာပါ။ ဒီညနေကစားမယ့် တန်းတက်နော်ဝစ်ခ်ျနဲ့ပွဲမတိုင်ခင် ပရီးမီးယားလိဂ်မှာ မေဆင်မောင့်တစ်ယောက်တည်းသာ ချဲလ်ဆီးအတွက် ဂိုးသွင်းပေးနိုင်သေးပြီး အေဘရာဟမ်နဲ့ဂီရော့ဒ်တို့ကတော့ လမ်းပတ်ရဲ့ပထမဦးစားပေးတိုက်စစ်မှုးဖြစ်လာနိုင်မယ့်အခွင့်အရေးကို အသုံးမချနိုင်သေးပါဘူး။ နော်ဝစ်ခ်ျနဲ့ဒီကနေ့ပွဲမှာတော့ အဲဒီဂိုးသွင်းပြသနာဟာ ပြေလည်ဖို့သင့်နေပါပြီ။