ကိုရိုနာဗိုင်းရပ်စ်အပေါ် စိုးရိမ်စိတ်ကြောင့် စပိန်ကို သွားရောက်မယ့် ယူနိုက်တက် လူစာရင်းမှာ အစ်ဟာလို ပါဝင်ခွင့်မရခဲ့


ယူနိုက်တက် တိုက်စစ်မှူးသစ် အစ်ဟာလိုဟာ ကိုရိုနာ ဗိုင်းရပ်စ်အပေါ် စိုးရိမ်စိတ်တွေကြောင့် အင်္ဂလန်ကို ပြန်ဝင်လို့ မရမယ့် အနေအထား ဖြစ်နေတာကြောင့် စပိန်ကို သွားရောက်မယ့် လူစာရင်းမှာ ပါဝင်ခွင့်မရခဲ့ဘူးလို့ သိရပါတယ်။ WHOက ကိုရိုနာ ဗိုင်းရပ်စ်ကို ကမ္ဘာ့အရေးပေါ် အခြေအနေအဖြစ် ကြေညာထားတာကြောင့် အင်္ဂလန်က စစ်ဆေးမှုတွေ ပိုမို တင်းကျပ်တဲ့ အနေအထားမှာ ရှိနေမယ်ဆိုတာ ကလပ်က သိခဲ့ပါတယ်။

အစ်ဟာလိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလက ရှန်ဟိုင်းရှင်ဟွာအသင်းကနေ ရာသီဝက်အငှားနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ နယ်စပ်လုံခြုံရေးက တရုတ်က ပြန်လာသမျှ လူတွေအားလုံးကို လွန်ခဲ့တဲ့ ၁၄ရက်ကတည်းက စစ်ဆေးနေခဲ့ပါတယ်။

ဒါကြောင့် အသက်၃၀အရွယ် ကစားသမားဟာ မန်ချက်စတာမှာပဲ ဆက်နေမှာဖြစ်ပြီး personal လေ့ကျင့်ခန်းနဲ့ ကြံ့ခိုင်မှုဆိုင်ရာ လေ့ကျင့်ခန်းတွေကို ပြုလုပ်သွားမှာပါ။ ယူနိုက်တက်ကတော့ သူဟာ စောင့်ကြည့်နေဆဲ အနေအထားမှာ ရိုးရိုးရှင်းရှင်းပဲ ရှိနေပါတယ် လို့ သတင်းထုတ်ပြန်ထားပါတယ်။

နည်းပြ ဆိုးလ်ရှားက “သူ လွန်ခဲ့တဲ့ ၂ပတ်ကမှ တရုတ်ကနေ ရောက်လာတာကြောင့် မန်ချက်စတာမှာပဲ ဆက်နေသွားမှာပါ။ တရုတ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေအရ သူ ဒီက ထွက်သွားရင် အင်္ဂလန်ကို ပြန်ဝင်ခွင့်ရမလားဆိုတာ မသိပါဘူး။ ဒါကြောင့် သူ အသင်းမှာပဲ ဆက်နေပြီး personal နည်းပြတစ်ယောက်နဲ့ တစ်ဦးတည်း လေ့ကျင့်ခန်း ပြုလုပ်သွားမှာပါ။ အဲ့ဒီနောက် သူ့မိသားစုလည်း အင်္ဂလန်မှာ အခြေကျသွားမှာပါ။ သူ အခြားသူတွေနဲ့အတူ လိုက်ချင်မယ်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ နယ်စပ်က အခြေအနေတွေက တင်းကျပ်နေတဲ့ အနေအထားမှာ ကျွန်တော်တို့ risk မယူချင်ပါဘူး”လို့ ပြောခဲ့ပါတယ်။

အဆိုပါ ဆုံးဖြတ်ချက်ကတော့ အစ်ဟာလိုကို ချက်ချင်း ထုတ်သုံးဖို့လိုနေတဲ့ ယူနိုက်တက်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အစ်ဟာလိုအနေနဲ့ အသင်းဖော်တွေနဲ့ လေ့ကျင့်ချိန်ကို အကန့်အသတ်နဲ့သာ ရရှိသွားတော့မှာပဲ ဖြစ်ပါတယ်။