ကာဗာနီကိုခေါ်ယူဖို့ ဒုတိယအလေးပေးမှုအများဆုံးဖြစ်နေတဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့က လီဗာပူးအသင်းကို အရေးနိမ့်ပြီးနောက် အဆင့် ၄ နေရာက ချဲလ်ဆီးအသင်းနဲ့ ၅ မှတ်အကွာ အဆင့် ၅ နေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။ ဒါ့အပြင် အသင်းရဲ့အဓိကတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကလည်း နောက်ကျောဒဏ်ရာကြောင့် ၆ ပတ်ခန့်အနားယူရတော့မှာ ဖြစ်ပါတယ်။


အသက် ၂၂ နှစ်သားဟာ ဒီရာသီအသင်းအတွက် ၁၉ ဂိုးအထိ သွင်းယူထားခဲ့ပြီး ပြီးခဲ့တဲ့အပတ်က ဝုဗ်အသင်းနဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ လူစားဝင်ကစားခဲ့ပြီး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဒဏ်ရာကြောင့်ပဲ ရက်ရှ်ဖို့ဒ်တစ်ယောက် လီဗာပူးနဲ့ပွဲကို လွဲချော်ခဲ့ပြီး နောက်ထပ် ၆ ပတ်လောက်အထိ ဆက်လက်အနားယူရတော့မှာ ဖြစ်ပါတယ်။


ယူနိုက်တက်ဟာ လက်ရှိဒဏ်ရာရကစားသမား များပြားနေပြီး တိုမီနေး ၊ ပေါ့ဂ်ဘာအပြင် ရက်ရှ်ဖို့ဒ်ပါ ဒဏ်ရာရလူစာရင်းထဲ ထပ်တိုးလာခဲ့ပါတယ်။ ယူနိုက်တက်ပရိသတ်တွေကတော့ ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ကို အသင်းကစားသမားသစ်အဖြစ် မြင်တွေ့ချင်နေကြပေမယ့် လက်ရှိအချိန်အထိ အပြောင်းအရွှေ့က မဖြစ်လာသေးတာကြောင့် စိတ်ပျက်နေကြပါတယ်။


ဒါ့အပြင် ယူနိုက်တက်ပရိသတ်တွေဟာ စနေနေ့က ဒေါ့မွန်နဲ့ ပွဲဦးထွက်မှာ ဟက်ထရစ်သွင်းခဲ့တဲ့ ဟာလန်းကို မခေါ်ယူနိုင်ခဲ့တဲ့အသင်းတာဝန်ရှိသူတွေကို ဒေါသထွက်နေကြပါတယ်။ ယူနိုက်တက်ဟာ လက်ရှိတိုက်စစ်ပိုင်းအတွက် ရက်ရှ်ဖို့ဒ် ၊ မာရှယ် နဲ့ ဂရင်းဝုဒ်တို့ကို အားထားနေရတာ ဖြစ်ပါတယ်။
အသင်းပရိသတ်တွေကတော့ လက်ရှိအသင်းမှာ လိုအပ်နေတဲ့ တိုက်စစ်ပိုင်းအတွက် အခုအပြောင်းအရွှေ့မှာပဲ တိုက်စစ်မှူးသစ်ခေါ်ယူပေးဖို့ တောင်းဆိုနေကြပါတယ်။ နည်းပြ ဆိုးလ်ရှား နဲ့ အမှုဆောင် ဝုဒ်ဝါ့တို့ကလည်း ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။


Sky Sports သတင်းဌာနကလည်း ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီဟာ အခုအပြောင်းအရွှေ့မှာပဲ အသင်းကနေ စွန့်ခွာချင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ကာဗာနီကိုခေါ်ယူဖို့ ၂/၁ လေးနဲ့ ဒုတိယရေပန်းအစားဆုံး ဖြစ်နေပါတယ်။
ကာဗာနီဟာ ပီအက်စ်ဂျီအတွက် ပွဲပေါင်း ၂၉၂ ပွဲအထိ ပါဝင်ကစားပေးထားခဲ့ပြီး ၁၉၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ကာ လက်ရှိအချိန်အထိလည်း ဂိုးသွင်းစွမ်းရည်က ကျဆင်းခြင်း မရှိသေးတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီစတားကိုခေါ်ယူဖို့ ထိပ်ဆုံးက အလေးသာနေတာက အက်သလက်တီကိုမက်ဒရစ်အသင်းဖြစ်ပြီး ၁၅/၈ နဲ့ရပ်တည်နေကာ ချဲလ်ဆီးက ၁၄/၁ ၊ စပါးးက ၁၈/၁ ၊ တရုတ်လိဂ်တွေက ၂၅/၁ ၊ မေဂျာလိဂ်က ၂၅/၁ နဲ့ အာဆင်နယ်က ၃၃/၁ ၊ မီလန်က ၃၃/၁ နဲ့ ရေပန်းစားနေပါတယ်။